တိမ်းရှောင်နေတဲ့ ဦးစိုးထွန်းရှိန်ကို ဖမ်းဆီးရမိ
2019.11.06

တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးရမိပြီး ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့မှာ မြန်မာနိုင်ငံဘက် ခေါ်ဆောင်လာခဲ့ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးချမ်းမြေ့စောက RFA ကို ပြောပါတယ်။
ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ဦးစိုးထွန်းရှိန် တစ်ယောက်တည်းကို နှစ်နိုင်ငံ ရဲတပ်ဖွဲ့တို့ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ တာချီလိတ်လေယာဉ်ကွင်းကို တစ်ခါတည်း ခေါ်ဆောင်သွားတာလို့ ဦးချမ်းမြေ့စော က ပြောပါတယ်။
ဝရမ်းပြေး ဦးစိုးထွန်းရှိန်ကို တာချီလိတ်လေဆိပ်ကနေ မန္တလေးလေဆိပ်ကို Air Thanlwin လေကြောင်းလိုင်း နေ့လယ် နှစ်နာရီခွဲ လေယာဉ်နဲ့ ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင် ဒေသခံ သတင်းသမားတစ်ဦးက ပြောပါတယ်။
တိမ်းရှောင်နေတဲ့ ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဍဘူမိ လေဆိပ်မှာ တွေ့ခဲ့ရတယ်လို့ Myanmar Now သတင်းဌာနမှာ ဖော်ပြပြီး မကြာခင်မှာပဲ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ထိုင်းနိုင်ငံအထိ သွားရောက်ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ကို စေလွှတ်မှာဖြစ်ကြောင်း အောက်တိုဘာလက ပြောခဲ့ပါတယ်။
ဦးစိုးထွန်းရှိန်ရဲ့ ရွှေတူးဖော်ရေးကုမ္ပဏီဟာ နိုင်ငံတော်ကို ရွှေပိဿာချိန် ၁၂၀၀၀ ကျော် ပေးသွင်းဖို့ ကျန်တာကြောင့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဦးစိုးထွန်းရှိန် အပါအဝင် ငါးဦးကို မြန်မာ့သတ္ထုတွင်း ဥပဒေပုဒ်မ ၃၀(က) နဲ့ တရားစွဲဆိုထားတာပါ။
ရဲတပ်ဖွဲ့က မေ ၃၁ ရက်နေ့မှာ ဦးစိုးထွန်းရှိန်ကို ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။
ဦးစိုးထွန်းရှိန်က ဇွန်လမှာ ကျင်းပတဲ့ မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ညီလာခံ တက်ရောက်တဲ့ သံဃာတွေကို နေ့ဆွမ်းလှူဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးချုပ် ဇော်ခင်အောင်ကို မေးမြန်းကြည့်ရာမှာတော့ ဦးစိုးထွန်းရှိန် ကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော်က စတင်ဆောင်ရွက်ချိန်ကတည်းက ပြည်နယ် ရဲတပ်ဖွဲ့ကို အကြောင်းကြားတာ မရှိဘူး၊ ဖမ်းဆီးလာချိန်မှာလည်း အကြောင်းကြားတာ မရှိသေးဘူးလို့ RFA ကိုပြောပါတယ်။