KIA သင်တန်းဆင်းလို့ စွပ်စွဲချက်နဲ့ ရဝမ်လူငယ် ခြောက်ဦး ဖမ်းဆီးခံရ

2021.04.24
KIA သင်တန်းဆင်းလို့ စွပ်စွဲချက်နဲ့ ရဝမ်လူငယ် ခြောက်ဦး ဖမ်းဆီးခံရ ခေါင်လန်ဖူး(ဌာနေ) ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်
Photo: Citizen Journalist

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထံကနေ သင်တန်းဆင်းလာတယ်လို့ စွပ်စွဲချက်နဲ့ ခေါင်လန်ဖူး ဒေသကနေ ပူတာအိုဒေသကို သွားရောက်တဲ့ ရဝမ်လူငယ် ခြောက်ဦးကို စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူး (ဌာနေ) ပြည်သူ့စစ်အဖွဲ့က ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးထားတယ်လို့ ကချင်ပြည်နယ် အခြေစိုက် ရဝမ်တိုင်းရင်းသား ပညာရေးဖောင်ဒေးရှင်းအဖွဲ့က ဒီနေ့ ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဝမ်တိုင်းရင်းသားပညာရေးဖောင်ဒေးရှင်းအဖွဲ့ ခေါင်းဆောင်တစ်ဦးက သူတို့ ခြောက်ဦးဟာ ပူတာအိုကို သွားရာလမ်းမှာရှိတဲ့ မဂွေဇကြိုးတံတားမှာ ဖမ်းဆီးခံလိုက်ရတာလို့ RFA ကို ပြောပါတယ်။

“ကလေးတွေက ကျွန်တော်တို့ ရဝမ်လူမျိုးတွေပါ။ ပူတာအိုကို ရိုးရိုးသားသား သွားကြတာကို သူတို့ကို တော်လှန်ဖို့ စစ်သင်တန်းဆင်းတယ်ဆိုပြီး ဖမ်းလိုက်ကြတယ်လို့ သိရပါတယ်။ ဖမ်းတဲ့အဖွဲ့စည်းကလည်း ခေါင်လံဖူးဌာနေက ရဝမ်လူမျိုးအများစုရှိတဲ့ ပြည်သူ့စစ်အဖွဲ့ကပါပဲ။ စစ်ကောင်စီရဲ့ သစ္စာခံတွေပေါ့ဗျာ။"

အဖမ်းဆီးခံခဲ့ရတဲ့ ရဝမ်လူငယ် ခြောက်ဦးဟာ ခေါင်လန်ဖူး(ဌာနေ) ပြည်သူ့စစ်အဖွဲ့က စွပ်စွဲသလို KIA သင်တန်းဆင်းတွေမဟုတ်ဘဲ သာမန်အရပ်သားတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

လူငယ် ခြောက်ဦး စတင်ဖမ်းဆီးခံရချိန်က ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားနေချိန်မှာပဲ ခေါင်လံဖူးပြည်သူ့စစ်အဖွဲ့က နောင်မွန်းရဲစခန်းကို လွှဲအပ်လိုက်တယ်လို့ ရဝမ်တိုင်းရင်းသား ပညာရေးဖောင်ဒေးရှင်းအဖွဲ့ရဲ့ ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

ဒီနေ့မှာတော့ နောင်မွန်းရဲစခန်းကနေ ပူတာအိုအခြေစိုက် စစ်တပ်ဗျူဟာကုန်းထဲမှာ ထိန်းသိမ်းထားတယ်လို့ သတင်းရထားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ရဝမ်လူငယ် ခြောက်ဦးမှာ မက်လက်ကန်ရွာသား နှစ်ဦး၊ ဒါလန်ကျေးရွာအုပ်စု ဝါခန်ရွာသား နှစ်ဦး နဲ့ တန်ဇိန်ချန်ရွာသား နှစ်ဦးတို့ ဖြစ်တယ်လို့ ရဝမ်တိုင်းရင်းသား ပညာရေးဖောင်ဒေးရှင်းအဖွဲ့က ပြောပါတယ်။

ခေါင်လံဖူးဒေသဟာ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ရဲ့ အစွန်ဆုံးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံး နေရာတစ်ခုဖြစ်ပြီး ဒီနေ့အထိ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ မရသေးတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ လူငယ် ခြောက်ဦး ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းနေပြီး ဖုန်းလိုင်းတွေ မရှိတာကြောင့် နှောင့်နှေးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ရဝမ်တိုင်းရင်းသား ပညာရေး ဖောင်ဒေးရှင်းအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။