စစ်တွေမှာ စျေးသည် နှစ်ဆယ်ဦးထက်မနည်း ဖမ်းဆီးခံရ
2024.01.04
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မစျေး ကိုရီးယားဆိပ်ကမ်းဘက်မှာ စျေးရောင်းနေတဲ့ စျေးသည်ယောက်ျား၊ မိန်းမ နှစ်ဆယ်ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၄ ရက် ဒီနေ့မနက် ၆ နာရီဝန်းကျင်ခန့်က ဖမ်းဆီးသွားတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ပေါက်တောမြို့နယ်က လှေတွေနဲ့ ငါးခြောက်အပါအဝင် ဟင်းသီးဟင်းရွက် လာရောင်းသူတွေဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားပေါ်တင်ပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ စစ်တွေမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“မနက်က ငါးခြောက်လာရောင်းတယ်။ ပွဲစားတွေကလည်းလာတယ်။ ဆိုင်ကယ်၊ ဘေးတွဲ၊ သုံးဘီးတွေနဲ့ လာကြတယ်။ ဆိုတော့ လူ နှစ်ဆယ်၊ သုံးဆယ်လောက်စုသွား ကြတယ်။ အဲဒါကို စစ်တပ်ကလာပြီး ကားနဲ့ အားလုံး ဖမ်းသွားတယ်။ လူ နှစ်ဆယ်ကျော် လောက်ပါသွားတယ်”
ဖမ်းဆီးသွားသူတွေကို စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့ထံ လွှဲပေးလိုက်သလို စျေးမှာ ကျန်ရှိနေတဲ့ ငါးခြောက် တွေကိုလည်း မနက် ၆ နာရီခန့်မှာ ရဲတပ်ဖွဲ့ ဝင်တွေက လာရောက်ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း တို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်တွေမြို့ပေါ်မှာ စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ သွားလာတာတွေရှိနေသလို စစ်ကားတွေနဲ့ ကင်းလှည့်နေ တာလည်းရှိပြီး လူစုလူဝေးတွေ့ရှိရင် အခုလိုဖမ်းဆီးမှုတွေ လုပ်လေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ လကုန်ပိုင်းကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ စျေးရောင်းနေတဲ့ စျေးသည် တချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။