ကလေးမြို့က သပိတ်စခန်းကို ကျူးကျော်လာတဲ့ ရဲတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးထား

2021.03.31
ကလေးမြို့က သပိတ်စခန်းကို ကျူးကျော်လာတဲ့ ရဲတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးထား စစ်ကိုင်းတိုင်း ကလေးမြို့က တာဟန်းပင်မသပိတ်စခန်းကို ကျူးကျော်ဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် လေးဦး တို့ကို တွေ့ရစဉ်
.

စစ်ကိုင်းတိုင်း ကလေးမြို့က တာဟန်းပင်မသပိတ်စခန်းကို ကျူးကျော်ဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် လေးဦးတို့ကို အဲဒီခံတပ်မှာပဲ ပြည်သူတွေက ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြပါတယ်။

ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒု-ရဲအုပ် ကိုမင်း၊ တပ်ကြပ်ကြီး သိန်းနိုင်ဦး၊ ဒုတပ်ကြပ် နန္ဒမင်း၊ တပ်သား ဖြိုးသီဟ တို့ဖြစ်ကြပြီး ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲဆိုတာကို ညှိနှိုင်းတိုင်ပင်နေတုန်းလို့ သပိတ်စခန်းမှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဖမ်းမိတာကတော့ သူတို့က ခံတပ်ကို ကျွန်ဝင်လာတာပေါ့နော်။ ကျွန်တော်တို့ စစ်ဆေးမေးမြန်းရာကနေ ဖမ်းဆီးမိတာပါပဲ။ ဘာဆက်လုပ်မယ်ဆိုတာကတော့ အွန်းလိုင်းပေါ်မှာလည်း မထင်မှတ်ဘဲ ရုတ်တရက်ကြီး ပေါက်သွားတဲ့အခါကျတော့ ချက်ချင်းကြီးတော့ ဆုံးဖြတ်ချက် မချနိုင်သေးဘူး။ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်လေး ထားပါတယ်ဗျ။ အေးအေးဆေးဆေး ထားပါတယ်။ ရေတိုက်၊ ထမင်း ကျွေးထားတာပေါ့။”

ကလေးမြို့လေဆိပ်မှာ ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က စစ်ဘက်သုံးရဟတ်ယာဉ် သုံးစင်း ဆင်းသက်ခဲ့ပြီး စစ်သားနဲ့လက်နက်တွေလည်း ပါလာတယ်လို့ မျက်မြင်တွေက အတည်ပြုပါတယ်။

“ဒီနေ့ ရဟတ်ယာဉ် သုံးစင်း ဆင်းတယ်လို့ ပြောတယ်ဗျ။ စစ်သားတွေလည်း ပါတယ်လို့လည်း ပြော တယ်ဗျ။ စစ်လက်နက်ပစ္စည်းတွေလည်း ပါတယ်လို့လည်း ပြောတယ်ဗျ။” လို့ မြို့ခံတစ်ဦးက ဆိုပါ တယ်။

ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မတ်လ ၃၁ ရက်နေ့က တာဟန်းရပ်ကွက် ပင်မ သပိတ်စခန်းမှာပဲ လူငယ်တွေ အထိုင်သပိတ်ဆင်နွဲနေကြပါတယ်။

ကလေးမြို့က သပိတ်စခန်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံး၊ စက်သေနတ်၊ RPG လောင်ချာတွေနဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့ကြလို့ ဆန္ဒပြသူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။