ရွှေဘိုမြို့နယ်မှာ လူ ၈၀ နီးပါး ဖမ်းဆီးခံထားရဆဲ

ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021.03.25

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၂၄ ရက်နေ့အထိ၊ လူ ၈၁ ဦး အဖမ်းခံခဲ့ ရပြီး၊ အဲဒီထဲက ၆ ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်တာကြောင့် စုစုပေါင်း ၇၅ ဦး အဖမ်းခံထားရဆဲ ဖြစ်ပါတယ်။

အဖမ်းခံရသူအများစုဟာ ရွှေဘိုမြို့ပေါ် ရပ်ကွက်တွေကဖြစ်ပြီး တချို့လည်း ဆိတ်ခွန်၊ တည်တော၊ တက်တူ စတဲ့ အနီးတစ်ဝိုက်‌ ကျေးရွာတွေက ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူ ၇၅ ဦးအနက် ၆၀ ကို ပုဒ်မမျိုးစုံနဲ့ တရားစွဲထားပြီး ၉ ဦးကို ထောင် ၃ လစီ ချမှတ်ထားကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

ပုဒ်မ ၁၈၈ ဆိုတာ မာရှယ်လော ညမထွက်ရအမိန့်ကို ချိုးဖောက်မှုဖြစ်ပြီး၊ အဲဒီပုဒ်မနဲ့ တရားစွဲခံရသူ ၉ ဦးကို ထောင်ဒဏ် ၃ လစီ ချမှတ်ထားတာဖြစ်ပါတယ်။

ပုဒ်မ ၁၄၅ ကတော့ ဆန္ဒပြနေချိန် ရဲက လူစုခွဲဖို့ အမိန့်ပေးတာကို မလိုက်နာမှုဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (က) ကတော့ တပ်မတော်ကို အကြည်ညိုပျက်စေမှုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေမှာ ဖော်ပြထားပါတယ်။

ဒီလိုပုဒ်မတွေတပ်ထားပေမယ့် အခုအဖမ်းခံရသူ အားလုံးဟာ လမ်းပေါ်ထွက် ဆန္ဒပြသူတွေမဟုတ်ဘဲ တချို့လည်း လမ်းသွားရင်း အိမ်မှာနေရင်း ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်နေရင်း ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

မတ်လ ၂၃ ရက်နေ့က ရွှေဘိုမြို့နယ် ပုဏ္ဏားကုန်း၊ တက်တူနဲ့ ဆိပ်ခွန်ကျေးရွာတွေမှာလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ရောက်လာပြီး လမ်းမှာပိတ်ဆို့ထားတဲ့ သဲအိတ်အတားအဆီးတွေကို ဖယ်ရှားတာ ၊အိမ်တွေမှာ လက်နက်တွေရှိမရှိ ဝင်ရောက်ရှာဖွေတာ၊ လူတစ်ချို့ကို ဖမ်းဆီးတာတွ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၈ ရက်နေ့ကလည်း ရွှေဘိုနဲ့ မုံရွာကြားရှိ တည်တောရွာအနီးမှာ နွားတင်လာတဲ့ကားကို ရဲတပ်ဖွဲ့က ငွေညှစ်ငွေတောင်းရာကစလို့ နွားကားတင်လာသူတွေနဲ့ ဆန္ဒပြသူတွေကတစ်ဘက်၊ ရဲတပ်ဖွဲ့ကတစ်ဘက် အဓိကရုဏ်းဖြစ်ပွားရာမှာ သေနတ်နဲ့ပစ်တဲ့ရဲကို ရွာခံဆန္ဒပြသူတွေက ဓါးနဲ့ဝင်ခုတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။

အဲဒိကိစ္စနဲ့ပတ်သက်ပြီး တည်ကုန်းရွာသား သံသယရှိသူ ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပေမယ့် မတ်လ ၂၄ ရက် မနေ့ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ပါတယ်။ နောက်ထပ်သံသယရှိသူတွေကို ရဲက အပူတပြင်း လိုက်လံ ရှာဖွေနေတဲ့အတွက် ရွှေဘိုနယ်တစ်ဝိုက်မှာ ဒေသခံတွေနဲ့ အာဏာပိုင်အကြား အခြေအနေဟာ စိုးရိမ်ဖွယ် တင်းမာနေဆဲ အခြေအနေဖြစ်တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။