စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တဲစုရွာက အရပ်သား သုံးဦးကို ဇန်နဝါရီလ ၆ ရက်နေ့မှာ စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးခဲ့ပြီး ရွှေဘိုမြို့နယ်ဘက်အခြမ်းကို ခေါ်သွားတယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။
တဲစုနဲ့ ကံသာယာရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် ရွာထဲမှာ ပိတ်မိနေတဲ့ တဲစုရွာခံ အမျိုးသား သုံးဦးနဲ့ ကံသာယာရွာခံ အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၇ ရက်မှာ ကံသာယာရွာခံ အမျိုးသား တစ်ဦးကိုပဲ ပြန်လွှတ်ပေးခဲ့ပြီး သုံးဦးကို ဆက်ဖမ်းထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။
“သူတို့က စစ်ကြောင်းထိုးလာချိန် ရွာထဲ ပိတ်မိတ်မိသွားတာ။ ကံသာယာက အသက်ကြီးတဲ့တစ်ယောက်ကို ပြန်လွှတ်ပေးပြီး ကျန်တဲ့သုံးဦးကို ဆက်ဖမ်းသွားတာ။ အခုတော့ ရွှေဘိုလေ့ကျင့်ရေး တပ်စခန်းဘက် ပါသွားတယ်။ အဆက်အသွယ် မရသေးဘူး”
ဖမ်းဆီးခံရတဲ့ အမျိုးသား သုံးဦးရဲ့ နာမည်၊ အသက် စတဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီလ ၆ ရက် တစ်ရက်တည်းမှာပဲ မြင်းဒေါင်းရွာက ဒေသခံ သုံးဆယ်နီးပါးလည်း ဖမ်းဆီးခံခဲ့ရပေမယ့် အဲဒီနေ့မှာပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ တပ်သားတွေဟာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်းကနေ ဇန်နဝါရီလ ၇ ရက်နေ့အထိ ခင်ဦးမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်း ထိုးခဲ့တာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး အရပ်သား ၁၉၉၂၄ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။