တာမိုးညှဲမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင် လေးဦးကို TNLA ဖမ်းဆီး


2019.09.30
tamoenye-622.jpg ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညှဲမြို့ကို တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညှဲမြို့ မုံးစီးကျေးရွာအုပ်စု ရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးကို စက်တင်ဘာ ၂၉  မနေ့က နေ့လယ်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်မောကျေးရွာအုပ်စု မန်ပင်လုံနမ့်ဆာရွာတွေဘက်ကို မနေ့က နေ့လယ်ပိုင်းမှာ အရပ်ဝတ်တွေနဲ့ ထွက်ခွာသွားခဲ့ကြရာမှာ TNLA တပ်ဖွဲ့ဝင်တွေနဲ့တွေ့လို့ အဖမ်းခံလိုက်ရတာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ မုံးစီး ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့က ရဲစခန်းမှုးရယ်၊ ဒုရဲအုပ်ရယ်၊ ရဲတပ်ကြပ်ရယ်၊ မန်ပင်လုံနမ့်ဆာဖက်ကို နယ်မြေလုံခြုံရေးသွား လေ့လာတာဖြစ်မှာပေါ့။ TNLA က လမ်းမှာ ထိပ်တိုက်သွားဆုံလို့ဖြစ်မှာ၊ အဖမ်းခံသွားရတာဖြစ်မှာ၊ စခန်းမှူးက ပြောင်းလာတာ တစ်ပတ်လောက်ပဲရှိဦးမယ်။ သူတို့က ၁၂ နာရီ ၁ ချက်တီးလောက်ကဖြစ်မယ်ထင်တယ်။ အညိုရောင်နယ်မြေဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေက သွားလာနေကြတာရှိတယ်။ ခုကတော့ ဘာသတင်းမှမကြားရသေးဘူး"

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့  ရဲမှူးချုပ် ဇော်ခင်အောင်က ဒီ လေးဦး  ပျောက်ဆုံးနေကြောင်း၊ ဖြစ်စဉ်အသေးစိတ်နဲ့ပတ်သက်ပြီး မြို့နယ် ရဲတပ်ဖွဲ့ကို စုံစမ်းခိုင်းထားကြောင်း  RFA ကို ပြောပါတယ်။

"ကျွန်တော်တို့သိတာကတော့ မနေ့ညက ၁၀ နာရီလောက်မှာ သတင်းပို့တယ် ပြန်မရောက်ဘူး ပျောက်နေတယ်ဆိုတဲ့ အနေအထားပဲ သတင်းပို့တယ်။ ဒီနေ့တော့ မြို့နယ်မှူးကို သေချာစိစစ်ခိုင်းထား တယ်။ တာဝန်နဲ့သွားတာလား ပျောက်တာလား၊ အဖမ်းခံရတာလား ဘယ်လိုလဲပေါ့။ ကွတ်ခိုင်နဲ့ မုန်းစီး နဲ့ကလည်း ဝေးတယ်လေ။ ဖြစ်စဉ်ကတော့မှန်တယ်။ ပျောက်နေတယ်ဆိုတဲ့ အနေအထားပဲ သိရသေး တယ်။ သူတို့ကလက်နက်တွေလည်း မပါသွားဘူး။ တာဝန်နဲ့သွားရမယ်ဆိုရင် လက်နက်နဲ့ စနစ်တကျ ဖွဲ့စည်းပြီးသွားရမယ်။ တိုက်ပွဲဖြစ်တယ်ဆိုရင်လည်း ပစ်တာခတ်တာတော့ အနည်းဆုံးကြားရမယ်"

မုံးစီးရဲစခန်းမှူး ရဲအုပ် ကျော်ဇင်ထိုက်၊ ဒုရဲအုပ် တင်စိုး၊ တပ်ကြပ်ကြီး စောသက်နိုင်နဲ့ ဒု-တပ်ကြပ် ကျော်မင်းထိုက် တို့ ဖြစ်ကြတယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။

စခန်းမှူးဖြစ်သူဟာ မုံးစီးရဲစခန်းကို မကြာသေးခင်က ပြောင်းလာတာ ဖြစ်တယ်လို့သိရပါတယ်။

ဒီကိစ္စအတွက် TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို မေးမြန်းတာမှာ သူ့အနေနဲ့အတိ အကျမသိရသေးဘူးလို့သာ ပြန်လည်ဖြေကြားပါတယ်။

"မုန်းဟော် မုန်းစီးဖက်ကနေ နမ့်ဆာနဲ့ နမ့်မောကြား အရပ်ဝတ်နဲ့ လူ လေးယောက် အရပ်ဝတ်နဲ့ ပိုက်ဆံကောက်တယ်လို့ကြားတယ်။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ သွားဖမ်းတယ်။ သူတို့ကိုစစ်ကြည့်တော့ လက်ပစ်ဗုံးပါတယ်။ ငွေကောက်ခံတဲ့ ပြေစာပါတယ်။ မုန်းစီးရဲစခန်းကလို့ ပြောတယ်"

ဒီဒေသမှာ ရဲတပ်ဖွဲ့ဝင်တွေ အခုလို ပျောက်ဆုံးသွားတယ် ဆိုတာမျိုးက ဖြစ်တောင့်ဖြစ်ခဲကိစ္စလို့ သိရပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာကို မကြာခဏ ခံရလေ့ရှိပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အခုဖြစ်စဉ်နဲ့ပတ် သက်ပြီး အခုလိုပြောပါတယ်။

"ကျွန်တော်တို့လည်း ဘာမှမသိရသေးဘူး ရဲတပ်ဖွဲ့ဝင်တွေဆိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို မေးကြည့် တာ ပဲသိနိုင်မယ်"

မုံးစီးဒေသဟာ တာမိုးညှဲမြို့နဲ့မိုင်သုံးဆယ်လောက် ကွာဝေးတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသလည်း ဖြစ်ပါတယ်။

အဲဒီဒေသတွေမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA၊ ကိုးကန့်အဖွဲ့ MNDAA၊ ကချင် လွတ်မြောက်ရေးအဖွဲ့KIA စတဲ့အဖွဲ့တွေ လှုပ်ရှားတဲ့ဒေသဖြစ်ပါတယ်။

တပ်မတော်နဲ့လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့တွေလည်း ရှိနေပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်လေ့ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။

TNLA လှုပ်ရှားနယ်မြေတစ်ခုဖြစ်တဲ့ မန်တုံမြို့နယ်ဘက်မှာလည်း စက်တင်ဘာလ ၂၄ နဲ့ ၂၅ ရက်နေ့တွေက  တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်ဆိုတဲ့ ဆိုင်လိန်ရွာသား ၁၄ ဦးထဲက နောက်ဆုံးလက်ကျန် နှစ်ဦး စက်တင်ဘာ ၂၆ ရက်နေ့က နေရပ် ပြန်ရောက်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။