ရာဇဂြိုလ်ရွာမှာ တက္ကသိုလ်ကျောင်းသားတွေ အပါအဝင် လူငယ် ငါးဦး အဖမ်းခံရ

2021.05.19
ရာဇဂြိုလ်ရွာမှာ တက္ကသိုလ်ကျောင်းသားတွေ အပါအဝင် လူငယ် ငါးဦး အဖမ်းခံရ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ရွာက ၂၀၂၁၊ မေ ၁၉ ရက်နေ့ ဖမ်းဆီးခံရတဲ့ ကောင်းထက်လင်း၊ ဝေယံမြင့် တို့ကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ရွာမှာ ဒီကနေ့ မေ ၁၉ ရက်နေ့ မနက် ၄ နာရီလောက်က တက္ကသိုလ် ကျောင်းသား နှစ်ဦး အပါအဝင် လူငယ် ငါးဦးကို၊ စစ်ကောင်စီက ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရတဲ့ ကျောင်းသား နှစ်ယောက်ဟာ ရာဇဂြိုလ်ရွာကနေ ကလေးတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတွေဖြစ်ပြီး၊ ကျန် သုံးဦးကတော့ ရွာခံလူငယ်တွေဖြစ်ကာ သူတို့အထဲမှာ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်လူငယ် အချို့ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကား နှစ်စီးနဲ့ ရာဇဂြိုလ်ရွာကို ရောက်လာပြီး၊ နေအိမ်တွေကို ဝင်ရောက် စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ လုပ်ခဲ့တာလို့ ရာဇဂြိုလ်ရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

"အိမ်တံခါးတွေ အတင်းဖွင့်ခိုင်းတယ်။ မြေအောက်ခန်းတွေ ဝင်စစ်တယ်။ အိမ်တွေမှာချိတ်ထားတဲ့ ဘွဲ့ဓာတ်ပုံတွေ ဓာတ်ပုံရိုက်ယူတယ်။ သူတို့မှာပါလာတဲ့ ဓာတ်ပုံတွေပြပြီးလည်း သိလားဆိုပြီး မေးတယ်။ ဖမ်းခံရသူတွေ ဘယ်ခေါ်သွားလဲမသိဘူး၊ စုံစမ်းလို့မရ ဖြစ်နေတယ်။ အခုကတော့ ရွာကလူငယ်တွေအကုန် ထွက်ပြေးနေကြရတယ်။"

ပြီးခဲ့တဲ့လလောက်က ရွာက သစ်လုပ်ငန်းလုပ်ကိုင်သူနဲ့ ရွာခံလူငယ်အချို့ ပြဿနာဖြစ်ပွားခဲ့ပါတယ်။

ပြဿနာဖြစ်ပြီးတဲ့နောက် အဲဒီလုပ်ငန်းရှင်ဟာ ရွာမှာမနေတော့ပဲ ပြောင်းရွေ့သွားပြီး၊ စစ်တပ်ကို သတင်းပေး တိုင်ကြားခဲ့တာကြောင့် အခုလို ရွာကို ရုတ်တရက် ရောက်လာပြီး တက္ကသိုလ်ကျောင်းသားတွေ အပါအဝင် ရွာခံ လူငယ် ငါးယောက်ကို ဖမ်းဆီးသွားတာပါ။

ရာဇဂြိုလ်ရွာဟာ စစ်အာဏာရှင် ကျဆုံးရေးအတွက် ဆန္ဒပြတာတွေ၊ ပရိတ်ရွတ်တာတွေ လုပ်ဆောင်လေ့ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။