ရေဦးမှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး
2024.07.06
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် လေးရွာထဲကို ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခဲ့တာဖြစ်ပြီး ရေဦးမြို့မြောက်ဘက် မူးမြစ်ဘေးမှာရှိတဲ့ လေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ် လေးရွာခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ရေဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“၄ ရက်နေ့ ည ၇ နာရီလောက်ကို လက်နက်ကြီးနဲ့ပစ်တာ။ အသံကြားလိုက်တယ်။ လေးရွာထဲကိုကျတာ။ လက်နက်ကြီးထိပြီး လည်ပင်းပြတ်လုနီးပါး ဒဏ်ရာနဲ့ အမျိုးသမီးတစ်ယောက် သေတယ်။ နွားတစ်ကောင်သေတယ်”
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကတော့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခဲ့တာမရှိသလို အခုလို ထိခိုက်သေဆုံးမှုလည်း မရှိခဲ့ဘူးလို့ RFA ကို တုံ့ပြန်ပါတယ်။
ဇွန်လ ၁၈ ရက်နေ့ ညပိုင်းကလည်း ရေဦးမြို့နယ် ဖိန်းကားရွာခံ သားအဖနှစ်ဦး လက်နက်ကြီးကျည်အစ ထိမှန်ခဲ့တာကြောင့် ဖခင်ဖြစ်သူသေဆုံးခဲ့ပြီး သမီးဖြစ်သူ ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။
RFA ကပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ သေဆုံးသူ စုစုပေါင်း ၃၉၇ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၈၈၉ ဦး ရှိပါတယ်။