စစ်တွေမှာ လူနှစ်ရာခန့် ဖမ်းဆီးခံရ

RFA Burmese
2024.05.20
စစ်တွေမှာ လူနှစ်ရာခန့် ဖမ်းဆီးခံရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တစ်နေရာကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မေ ၁၄ ရက်နေ့ကနေ ၂၀ ရက်အထိ တစ်ပတ်အတွင်း ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုနေတဲ့ စစ်တွေဒေသခံမဟုတ်တဲ့ အရပ်သားနှစ်ရာခန့်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။

စစ်တွေမြို့ အောင်မင်္ဂလာ၊ ဗုဒ္ဓမော်၊ ရွှေစေတီစတဲ့ ဘုန်းတော်ကြီးကျောင်းတွေအပါအဝင် မြို့ပေါ်မှာရှိနေတဲ့ တခြားဘုန်းတော်ကြီးကျောင်းတွေမှာပါ တည်းခိုနေသူတွေကို ဧည့်စာရင်းစစ်ပြီး လိုက်လံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တိုက်ပွဲတွေကြောင့် စစ်တွေမြို့မှာ ပိတ်မိနေသူတွေဖြစ်ပြီး တည်းခိုဖို့ ဒေသခံဆွေမျိုးတွေမရှိတာကြောင့် ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနေကြတာလို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။

“စစ်သားရော၊ ရဲရော ပါတယ်။ ဧည့်စာရင်း စစ်မယ်ဆိုပြီး ကျောင်းထဲ ဝင်လာတယ်။ မှတ်ပုံတင်ပြခိုင်းတယ်။ ပထမတစ်ခေါက် လာစစ်တုန်းကတော့ မဖမ်းသေးဘူး။ နောက်တစ်ရက် လာစစ်တဲ့အခါတော့ ဖမ်းသွားတယ်။ မိန်းကလေးတွေဆို မဖမ်းဘူး။ ယောက်ျားလေးတွေကိုပဲ ဖမ်းသွားတာ။ ကျွန်မတို့ထဲက ၁၁ ယောက် ပါသွားတယ်။ အကုန်လုံးက ရန်ကုန်ကနေ ရခိုင်ပြန်လာကြသူတဲ့သူတွေပါ။ စစ်တွေမြို့ကနေ ထွက်မရတော့ ပိတ်မိနေကြတာလေ။ ဆွေမျိုးတွေလည်းမရှိတော့ ဘုန်းကြီးကျောင်းတွေမှာပဲ နေကြတာ”

လက်ရှိမှာ ဖမ်ဆီးခံထားရသူတွေကို အမှတ် (၁) စစ်တွေမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သူကဆိုပါတယ်။

အခုဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကလည်း စစ်တွေမြို့ပေါ်ကနေ တခြားမြို့နယ်တွေကို တိတ်တဆိတ် ထွက်ခွာဖို့ကြိုးစားကြတဲ့ အရပ်သားတစ်ရာခန့်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး သူတို့ကိုတော့ တစ်ပတ်ခန့်အကြာမှာ ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။