ကြို့ပင်ကောက်မှာ စစ်ကြောင်းဝင်ချိန် ဒေသခံ ၃၇ ဦး ဖမ်းဆီးခံရ

RFA Burmese
2025.01.31
ကြို့ပင်ကောက်မှာ စစ်ကြောင်းဝင်ချိန် ဒေသခံ ၃၇ ဦး ဖမ်းဆီးခံရ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် မြို့အဝင်တစ်နေရာကို တွေ့ရစဥ်။
Citizen Photo

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ရင်းတိုက်ကွင်းရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် လူ ၃၇ ဦး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား လေးဆယ်ခန့် ပါဝင်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ လသားအရွယ်ကနေ အသက် ၈၀ ဝန်းကျင်အရွယ်အထိ ပါဝင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီရွာက သက်ကြီးရွယ်အို အဘိုးအဘွားတွေရော လသားအရွယ် ကလေးတွေကို မချန်ဘူး။ စစ်တပ်က အကုန်ဖမ်းခေါ်သွားတယ်ဗျ။ ဖမ်းခံရသူက ၃၇ လောက် ရှိတယ်ဗျ။ မနေ့ကအထိ တစ်ယောက်မှ ပြန်မလွတ်သေးဘူးဗျ”

ဖမ်းဆီးခံရသူတွေကို မိသားစုဝင်တွေက တွေ့ခွင့်ရဖို့ ကြိုးစားနေပြီး တွေ့ခွင့် ရ၊ မရဆိုတာက မသိရသေးဘူးလို့ သူက ပြောပါတယ်။

စစ်ကြောင်းဝင်ချိန် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှု မခံရအောင် ဓားစာခံအဖြစ် အသုံံးချတာနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေက အဆက်အသွယ် မလုပ်ရဲ့ဖို့အတွက် အခုလို ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီပြောဆိုမှုတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဇီးကုန်းမြို့နယ်ကနေ ကြို့ပင်ကောက်မြို့နယ်ဘက်ကို သွားလာနေတဲ့ လူသုံးဆယ်ခန့်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက တချို့ကို ငွေကြေးပေးမှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။