မော်လိုက်မြို့နယ် ညောင်ဝန်းရွာမှာ ပြည်သူနှစ်ဦးကို ပျူစောထီးတွေ ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ညောင်ဝန်းရွာခံတစ်ဦးနဲ့ အလည်လိုက်လာသူတစ်ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့၊ ညနေ ၆ နာရီခန့်က အဲဒီရွာမှာဂိတ်ထိုင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ညောင်ဝန်းဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၃၀ ကျော် ကိုအောင်ဇော်ဝင်းနဲ့ ကိုကုလားတို့ဖြစ်ပြီး သူတို့နှစ်ဦးဟာ ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ရွှေမှော်မှာ အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မွေးရပ်မြေညောင်ဝန်းရွာကို အလည်လာရင်း အခုလို အကြောင်းမဲ့အသတ်ခံရတာလို့ ဒီအကြောင်းကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ညောင်ဝန်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ရွာကို ပြန်ရောက်တာ သုံးရက်ပဲရှိသေးတယ်။ ကုလားကကျတော့ ဒီရွာသားမဟုတ်ဘူး၊ မန္တလေးသား။ အောင်ဇော်ဝင်းနဲ့ အလည်လိုက်လာရင်း အခုလိုဖြစ်သွားတာ။ ဖြစ်တာက လူငယ်သဘာဝ ရွာထဲလိုက်လည်ပြီး အပြန် အသတ်ခံရတာ။ ရွာမှာက ပျူစောထီးဂိတ် နှစ်ဂိတ်ရှိတယ်။ သူတို့က ည ၆ နာရီမထွက်ရဆိုပြီး ပြောထားတာရှိတော့ သူတို့နှစ်ဦးကို ညနေပိုင်း ၅ နာရီခွဲကျော်လောက်မှာ ဖမ်းပြီး မြစ်ကမ်းမှာဒူးထောက်ခိုင်းပြီး နားထင်ကို သေနတ်နဲ့ အကြောင်းမဲ့ ပစ်သတ်လိုက်တာ။ ကုလားကိုတော့ ပစ်သတ်ပြီး ချင်းတွင်းမြစ်ထဲ မျှောလိုက်တယ်"

ကိုအောင်ဇော်ဝင်းရဲ့ ရုပ်အလောင်းကိုတော့ မိဘတွေရောက်သွားတဲ့အတွက် မြစ်ထဲအမျှောမခံရဘဲ အောက်တိုဘာ ၁၃ ရက်မနက်ပိုင်းမှာ သင်္ဂြိုဟ် လိုက်တယ်လို့ နောက်ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။

ကိုကုလားရုပ်အလောင်းကိုတော့ အောက်တိုဘာလ ၁၅ ရက်အထိ ပြန်မတွေ့သေးဘူးလို့ ဆိုပါတယ်။

အိမ်ခြေ ၁၂၀ နဲ့ လူဦးရေခြောက်ရာခန့်နေထိုင်ကြတဲ့ ညောင်ဝန်းရွာမှာ လုံခြုံရေး အကြောင်းပြပြီး ဂိတ်ထိုင်နေတဲ့ ပျူစောထီးအဖွဲ့ဟာ တွန်းပင်ရွာကနေ လာကြသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုခြင်းမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၄၁၄၆ ဦးရှိပြီဖြစ်တယ်။