ရေဦးမြို့ပေါ်က ဒေသခံအမျိုးသားကိုးဦး စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးခံရ
2024.04.30
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရပ်ကွက်နှစ်ခုက အမျိုးသားကိုးဦးကို စစ်မှုထမ်းဖို့ဆိုပြီး ဧပြီလ ၂၉ ရက်နေ့ညမှာ စစ်ကောင်စီတပ်က နေအိမ်တွေအထိ လိုက်လံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်မှုထမ်းဖို့စာရင်းဝင်ထားတဲ့ ရွှေပြည်သာရပ်ကွက်က ငါးဦးနဲ့ အောင်မင်္ဂလာရပ်ကွက်က လေးဦးကို လိုက်လံဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
သူတို့ကို စစ်ကောင်စီတပ်စွဲထားတဲ့ ရေဦးမြို့ပေါ်က တိုင်းရင်းဆေးရုံမှာ ထိန်းသိမ်းထားတယ်လို့ ရေဦးမြို့နယ် အခြေပြု People's Defence Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က RFA ကို ပြောပါတယ်။
“ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံပေါ့နော်။ တိုင်းရင်းဆေးရုံထဲမှာ ဖမ်းဆီးထားတယ်လို့ ကျွန်တော်တို့သိရတယ်”
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းခဲ့ပြီးနောက်ပိုင်း ရေဦးမြို့ပေါ်ရပ်ကွက်တွေမှာ အခုလိုနေအိမ်တွေအထိ လိုက်ဖမ်းဆီးတာ သုံးကြိမ်ထက်မနည်းရှိနေပြီလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအရ အပတ်စဉ် (၂) စစ်သင်တန်းအတွက် ဧပြီလဆန်းပိုင်းကတည်းက တိုင်းနဲ့ပြည်နယ်တချို့မှာ စာရင်းစကောက်နေသလို လူငယ်တွေကို ညပိုင်းဖမ်းဆီးတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း၊ ရေနံချောင်းနဲ့ နတ်မောက်မြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က စစ်မှုထမ်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လေးရက်အတွင်း လူ ၁၅၀ ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် စစ်ကောင်စီရဲ့ ဧပြီလ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ သတင်းအမှားဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။