စစ်အာဏာရှင် ဆန္ဒပြသူ ၉၀ နီးပါး မြစ်ကြီးနားမှာ ဖမ်းခံထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂၀၂၁၊ မတ် ၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ လူငယ်တွေကို တွေ့ရစဉ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂၀၂၁၊ မတ် ၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ လူငယ်တွေကို တွေ့ရစဉ် (Photo: RFA)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြတာကြောင့် ဖမ်းဆီးခံရသူ ၉၀ နီးပါးရှိနေပါတယ်။ ဖမ်းဆီးထားသူတွေကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ဖမ်းဆီးစစ်ဆေးနေတာပါ။

အဲဒီသူတွေဟာ ဆန္ဒပြခေါင်းဆောင် ဟုတ်၊ မဟုတ်၊ ဆန္ဒပြလှုံ့ဆော်တာ ရှိ၊ မရှိဆိုတာတွေကို စစ်ဆေးနေဆဲ ဖြစ်တယ်လို့ အဖမ်းခံရသူတွေ လွတ်မြောက်ရေးကူညီပေးနေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

တစ်စုံတစ်ခု စစ်ဆေးတွေ့ရှိသူတွေကတော့ အမှုဖွင့်ခံရပြီး တရားရင်ဆိုင်ရနိုင်တဲ့ အခြေအနေရှိတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက ၇၀ ကျော်ဟာ မတ် ၈ ရက်နေ့က ဆန္ဒပြပွဲမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ အဲဒီနေ့က စုစုပေါင်း ၉၁ ယောက်ကို ဖမ်းဆီးသွားတာဖြစ်ပေမယ့် အသက် ၁၈ နှစ်အောက် ၁၉ ယောက်ကို ညပိုင်းမှာ ပြန်လွတ်လာပါတယ်။