ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ပြန်လာတဲ့ ရိုဟင်ဂျာ ၃၃ ဦး ဖမ်းဆီးခံရ
2024.02.03
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ပြန်လာတဲ့ ရိုဟင်ဂျာ ၃၃ ဦးကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီရွာအနီးမှာ ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီအာဘော် ရခိုင်နေ့စဉ်က ဖေဖော်ဝါရီလ ၃ ရက်မှာ ဖော်ပြပါတယ်။
ချိန်ခါလီကျေးရွာအနီး ပင်လယ်ပြင်မှာ စက်လှေတစ်စီးပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၃၃ ဦးကို ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲမှာ ရိုဟင်ဂျာ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၆ ဦးနဲ့ စက်လှေလုပ်သား ငါးဦးတို့ ပါဝင်ပါတယ်။
သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေဖြစ်ပြီး ရသေ့တောင်မြို့နယ် အာကာတောင်ကျေးရွာကို လာရောက်ဖို့ကြိုးစားချိန်မှာ ဖမ်းဆီးခံရတာလို့ ရခိုင်နေ့စဉ်က ဖော်ပြပါတယ်။ ဖမ်းမိသူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာတွေဟာ ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေရပြီး အခုချိန်အထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။
ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရင်း အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေးအကြပ်အတည်းတွေကြောင့် မလေးရှားအပါအဝင် တခြား နိုင်ငံတွေဆီ စွန့်စားထွက်ခွာဖို့ ကြိုးစားတဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ စွန့်စားထွက်ခွာရင်း သေဆုံး၊ ပျောက်ဆုံးရတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၅၆၉ ဦး ရှိတယ်လို့ ဇန်နဝါရီ လ ၂၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။