ရန်ကုန်မှာ Dark Shadow မြေအောက်လှုပ်ရှားမှုအဖွဲ့ဝင် ၁၄ ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလတ်ချောင်းရပ်ကွက်မှာ Dark Shadow မြေအောက်လှုပ်ရှားမှု အဖွဲ့ဝင်လူငယ် ၁၄ ဦးကို ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းက စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားတဲ့ လူငယ်တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ရန်ကုန်မြို့မှာ ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်နေ့က တွေ့ရစဉ် Photo: STR / AFP

ရန်ကုန်တိုင်း ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလတ်ချောင်းရပ်ကွက်မှာ Dark Shadow မြေအောက်လှုပ်ရှားမှု အဖွဲ့ဝင်လူငယ် ၁၄ ဦးကို ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းက စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားတဲ့ လူငယ်တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တပ်က ကောင်လေးတစ်ယောက်ကို လမ်းပြအဖြစ် ခေါ်လာတာ။ သူ့ကို အရင် မိလာတာပေါ့။ အဲဒီကောင်လေးကလည်း ထောင်အဖမ်းခံထားရတာ။ သူက နေရပ် လိပ်စာကို သိနေတော့ ကြည့်မြင်တိုင်ဘက်ကို လိုက်ပြတော့ အကုန်တွေ့ကုန်တာ။ ၁၄ ယောက်မှာ တစ်ယောက် ပစ်သတ်ခံရတော့ ၁၃ ယောက် ပါသွားတာပေါ့။ တစ်ဖွဲ့လုံး အဖမ်းခံလိုက်ရတဲ့ သဘောပဲ"

လမ်းပြအဖြစ်ခေါ်ဆောင်ခံရတဲ့လူငယ်က ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ နဲ့ ဖမ်းဆီး ခံထားရာကနေ မကြာသေးခင်က အင်းစိန်ထောင်က ပြန်လွတ်လာသူ ဖြစ်တယ်လို့ ပြောဆိုမှုတွေရှိပေမယ့် ဒီအချက်နဲ့ ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဧပြီလ ၂၈ ရက်နေ့ကလည်း ရန်ကုန်မြို့အထွက် မှော်ဘီစစ်ဆေးရေးဂိတ်မှာ Dark Shadow အဖွဲ့ဝင်တွေ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာကြောင့် အသက်ဆုံးရှုံးမှုတွေလည်း ရှိနိုင်တယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ဗဟန်းမြို့နယ်၊ မဟာစည် သာသနာ့ရိပ်သာလမ်းမှာရှိတဲ့ စစ်တပ်အကြီးအကဲတွေ နေထိုင်တဲ့ အိမ်ရာကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား တွေကို Dark Shadow အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

ဧပြီလ ၂၁ ရက်နေ့က ကမာရွတ်မြို့နယ် ရဲစခန်းကို လက်ပစ်ဗုံးနဲ့ လေးကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ဟာလည်း Dark Shadow အဖွဲ့ရဲ့ လက်ချက်ဖြစ်ပြီး ရဲစခန်းထဲက ပြန်လည်ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၅ ရက်နေ့ ညပိုင်းကလည်း မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းရှိတဲ့ Honey Nest Bar ကို Dark Shadow က တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Dark Shadow အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တပ်က အခုလို အသည်းအသန် လိုက်လံဖမ်းဆီးနေတာလို့ ရန်ကုန်မြို့က မြေအောက်လှုပ်ရှားနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org