ခင်ဦးမှာ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေး
2023.02.11

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ဖေဖော်ဝါရီလ ၁၁ ရက် မနက်ပိုင်းမှာ အရပ်သား တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သရက်ပင်စုရွာ၊ မြင်းဒေါင်းရွာ၊ မကျီးကုံရွာ၊ အင်ဒိုင်းလေးရွာ၊ အင်ဒိုင်းကြီးရွာ၊ သေနတ်စိန်ရွာ စတဲ့ရွာတွေက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံက ပြောပါတယ်။
"အခုဒီမနက်က ၈ နာရီမှာ ပြေးရတာ။ ဒီမနက် မြင်းဒေါင်းရွာဘက်လည်း ပြေးရတယ်။ သေနတ်စိန်ရွာကို ဝင်တာက မဒေါင်းလှရွာကနေ လာတာ။ မဒေါင်းလှမှာ တစ်ညနားပြီး ဒီမနက်မှာဝင်တာ"
ဒီမနက် ၈ နာရီခွဲက ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျုစောထီးဆိုသူတွေ ပါဝင်တဲ့ အင်အား ၈၀ ဝန်းကျင်ဟာ သရက်ပင်စုရွာကို ဝင်ရောက်ခဲ့ပြီး ဒေသခံ ၁၀ ဦးကို ဖမ်းဆီးခဲ့သလို ရွာကပြန်အထွက်မှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို မြင်းဒေါင်းရွာအနီးမှာ ဒို့ညီနောင်အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိပါဘူး။ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း ပဋိပက္ခနဲ့ မလုံခြုံမှုတွေ ကြောင့် အရပ်သား ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။