TNLA နဲ့ တပ်မတော် တိုက်ပွဲဖြစ်ပွားမှု နှစ်ဖက်ထိခိုက်မှုရှိ
2017.09.23
တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိတယ်လို့ TNLA က ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။
တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှု လုပ်လာတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားရတာဖြစ်ပြီး နှစ်ဖက်စလုံး ဒဏ်ရာရတာတွေရှိတယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
"ဖြစ်ရတဲ့ အကြောင်းအရင်းက ပြောမယ်ဆိုရင်တော့ ဒီ မြန်မာ့ တပ်မတော်က အရင်ကထက် လှုပ်ရှားမှု ပြုလုပ်လာတယ်။ တိုက်ပွဲ မဖြစ်ဖြစ်အောင် ဖန်တီးတဲ့သဘောပေါ့။ ထိခိုက်မှုကတော့ ကျနော့်တို့ဘက် ကလည်း ဒဏ်ရာအနည်းအကျဉ်းရတာရှိတယ်။ မြန်မာ့တပ်မတော်ဘက်ကလည်း တချို့နေရာမှာ ရှိတယ်။ တချို့နေရာမှာတော့ သတင်းတော့ မရဘူး"
တပ်မတော်နဲ့ TNLA ကြား ရှမ်းပြည်နယ် ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ် ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲတွေဟာ လူနေကျေးရွာတွေနဲ့ အဝေးမှာဖြစ်တဲ့အတွက် အရပ်သားတွေ ဒဏ်ရာရတာ၊ သေဆုံးတာ မရှိဘူးလို့ ပြောပါတယ်။
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ဟာ အစိုးရနဲ့ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ FPNCC အဖွဲ့ဝင် ဖြစ်ပါတယ်။