စစ်တပ်ထောက်ခံသူ သေနတ်ပစ်ခတ်ခံရပြီး အရေးပေါ်ဆေးကုသနေ

စစ်တပ်ထောက်ခံပွဲတွေနဲ့ စစ်ကောင်စီကျင်းပတဲ့ ပွဲလမ်းသဘင်တွေမှာ တက်ရောက်ဖျော်ဖြေလေ့ရှိတဲ့ အဆိုတော် လီလီနိုင်ကျော် နေအိမ်ရှေ့မှာ သေနတ်ပစ်ခံရပြီး စိုးရိမ်ရပါတယ်။

သေနတ်ပစ်ခံခဲ့ရတဲ့ အဆိုတော် လီလီနိုင်ကျော်နဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးတင့်လွင်တို့ကို တွေ့ရစဉ်။ Lily Naing Kyaw/ ဓားတင့်လွင် Facebook

စစ်တပ်ထောက်ခံပွဲတွေနဲ့ စစ်ကောင်စီကျင်းပတဲ့ ပွဲလမ်းသဘင်တွေမှာ တက်ရောက်ဖျော်ဖြေလေ့ရှိတဲ့ အဆိုတော် လီလီနိုင်ကျော်ဟာ မေလ ၃၀ ရက်နေ့ညက ရန်ကုန်မြို့က သူ့ရဲ့နေအိမ်ရှေ့မှာ သေနတ်ပစ်ခတ်ခံရလို့ အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာတွေကနေ ကြေညာခဲ့ပါတယ်။

ရန်ကင်းမြို့နယ် ၂ ရပ်ကွက်က သူ့ရဲ့နေအိမ်ရှေ့မှာ အမျိုးသားတစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ညာနားထင်မှာ သေနတ်ကျည်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ မင်္ဂလာဒုံစစ်ဆေးရုံမှာ အရေးပေါ် ဆေးကုသနေပြီး စိုးရိမ်ရတယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အဆိုတော် လီလီနိုင်ကျော် သေဆုံးသွားပြီလို့ သတင်းမီဒီယာတချို့နဲ့ လူမှုကွန်ရက်စာမျက်နှာတချို့မှာ ရေးသားနေကြပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အမျိုးသားရေး တက်ကြွလှုပ်ရှားသူလို့ နာမည်ကြီးတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး (MNO) ဥက္ကဋ္ဌ ဦးတင့်လွင်ဟာ မေလ ၂၆ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်းမှာ သေနတ်ပစ်ခတ်ခံရလို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဦးတင့်လွင်ရဲ့ နာရေးအခမ်းအနားကို စစ်တပ်ထောက်ခံသူတွေနဲ့ မျိုးချစ်အဖွဲ့ဝင်တွေ သွားရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org