ရွေးကောက်ပွဲဖြစ်စဉ်တွေ ဥပဒေနဲ့ ညီ၊ မညီ ပြန်စစ်နေတယ်လို့ တပ်မတော်ပြော

နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း တပ်မိသားစုဝင်တွေ မဲပေးခဲ့တဲ့ (၂၁၈) မြို့နယ်က ရွေးကောက်ပွဲဖြစ်စဉ်တွေကို ပြန်လည်စိစစ်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

၂ဝ၂ဝ နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော်မှာ မဲပေးအပြီး တွေ့ရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ Photo: AFP
နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း တပ်မိသားစုဝင်တွေ မဲပေးခဲ့တဲ့၂၁၈ မြို့နယ်က ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို ပြန်လည်စိစစ်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် သံသယကင်းကင်းနဲ့ အသိအမှတ်ပြုပေးနိုင်ဖို့ ရွေးကောက်ပွဲဖြစ်စဉ်တွေကို ပြန်စစ်နေတာလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီလိုစစ်ဆေးနေတဲ့အခါမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကူးယူခွင့်ရဖို့အတွက် လိုအပ်သလို ညွှန်ကြားပေးဖို့လည်း ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။ အဲ့ဒီစစ်ဆေးတွေ့ရှိချက်တွေကို အခြေခံပြီး လိုအပ်ရင် ရွေးကောက်ပွဲကန့်ကွက်လွှာတွေ တင်သွားမယ်လို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လတ်တလော ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပြီးတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ နိုင်ငံတော်သမ္မတမှာ တာဝန်အရှိဆုံးလို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတအနေနဲ့ ရွေးကောက်ပွဲရလဒ်တွေ တရားမျှတရေးအတွက် သမ္မတရဲ့ အမိန့်အာဏာနဲ့ ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ထိန်းကျောင်းပေးဖို့လည်း တပ်မတော်က ပြောထားပါတယ်။

အတိုက်အခံပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် မိတ်ဖက်နိုင်ငံရေးပါတီ ၁၉ ပါတီကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့  နိုဝင်ဘာလ ၂၅ ရက်နေ့က နိုင်ငံတော်သမ္မတဆီ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ UEC အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်တွေကို ကျော်လွန်ပြီး၊ တရားမျှတမှုမရှိ၊ ပွင့်လင်းမြင်သာမှုမရှိ လုပ်ဆောင်ခဲ့ပြီးတော့ မဲစာရင်းတွေ စောင့်ကြည့်ခွင့်မရတာ၊ မဲလက်မှတ် ရိုက်နှိပ်တာ စောင့်ကြည့်ခွင့်မရတာ၊ မဲဆွယ်စည်းရုံးရေးတွေကို တပြေးညီဆောင်ရွက်ခွင့်မပေးတာ၊ ကြိုတင်မဲတွေကို စိစစ်ခွင့်မရတာတွေကြောင့် တရားမမျှတဘူးလို့ အိတ်ဖွင့်ပေးစာမှာပြောထားတာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အိတ်ဖွင့်ပေးစာပေးပို့ပြီး ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော်သမ္မတက တာဝန်ခံရမယ်လို့ တပ်မတော်က ထုတ်ပြန်တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ဆန္ဒနဲ့ အညီထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်လို့ နိုဝင်ဘာလ(၈) ရက်နေ့က ကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲလာထည့်ရင်း သတင်းထောက်တွေကို ပြောဆိုထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org