ကာယိန္ဒြေပျက်ပြားအောင်လုပ်ဆောင်တဲ့ တပ်မတော်သားကို စစ်ဆေးအရေးယူမည်
2019.04.10
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာက အမျိုးသမီး ၁ ဦးကို တပ်မတော်သား စစ်သည် ၁ ဦးက ကာယိန္ဒြေ ပျက်ပြားအောင် ကျူးလွန်ခဲ့တဲ့ကိစ္စကို တပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း စစ်ဆေးဆောင်ရွက်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က ပြင်ရှည်ကျေးရွာ ကြက်ဟင်းခါးခြံမှာ ဒေသခံ ဒေါ်ခိုင်စောရီက သားဖြစ်သူနဲ့အတူ စိုက်ပျိုးရေးလုပ်ဆောင်နေချိန်မှာ အဲဒီကျေးရွာမှာရှိတဲ့ နယ်မြေခံတပ်က တပ်သား စိုင်းစိုးမြင့် ရောက်ရှိလာပြီး ကာယိန္ဒြေ ပျက်ပြားအောင် ကိုယ်ထိလက်ရောက် လုပ်ဆောင်ခဲ့တာကို ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးချုပ်နှောင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြား အပ်နှံခဲ့တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ တပ်သားကို လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဘက်အချုပ်မှာ ဖမ်းဆီးပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနဲ့ စစ်ဆေးတွေ့ရှိချက်နဲ့ အရေးယူဆောင်ရွက်ချက်တွေကို သတင်းထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။