TNLA တပ်စွဲထားတဲ့နေရာကို တပ်မတော် ပြန်သိမ်းယူ


2019.09.19
taungyoe-tnla-camp-622.jpg ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့အနီးက TNLA တပ်စွဲထားတဲ့ တောင်ရိုးဘုရားကုန်းနေရာကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော်နဲ့TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့အကြား လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်က ဟိုချောင်းကျေးရွာနဲ့ တောင်ရိုးဘုရားအနီး နေရာတဝိုက်ကို တပ်မတော်က ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန် မြို့၊ အနောက်မြောက်ဘက် မီတာ ၄၀ဝ၀ အကွာမှာရှိတဲ့ တောင်ရိုးဘုရားကုန်းနေ ရာကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်စွဲထားတာလို့ တပ်မတော်က ပြောပါတယ်။

တိုက်ပွဲအတွင်း တပ်မတော်သားတွေ ထိခိုက်ဒဏ်ရာရတာ၊ ကျဆုံးတာတွေရှိခဲ့ပေမယ့် အရေအတွက်ကိုတော့ သတင်းထုတ်ပြန်ဖို့မရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။

“ကျနော်တို့ဘက်က စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိမှုလည်းရှိတယ်။ ကျဆုံးမှုလည်း ရှိပါတယ်။ လူဦးရေတော့ သိပ်မများပါဘူး။”

နမ့်ဆန်မြို့ဟာ အစိုးရအဖွဲ့ဌာနဆိုင်ရာတွေ ရုံးစိုက်ရာမြို့တစ်မြို့ဖြစ်ပြီး နမ့်ဆန်မြို့ရဲ့ အဓိက နေရာဖြစ်တဲ့ တောင်ရိုးဘုရားကုန်းမှာ TNLA က တပ်စွဲထားခဲ့တာလို့ တပ်မတော်က ဆိုပါတယ်။

အဲဒီနေရာမှာ TNLA နဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကနေ စက်တင်ဘာလ ၁၆ ရက်အထိ တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တိုက်ပွဲကာလအတွင်း တပ်မတော်က နေ့စဉ် ရဟတ်ယာဉ် သုံး၊ လေးစီးနဲ့ တစ်နေ့ သုံးကြိမ် ပစ်ခတ်ခဲ့တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ် နမ့်ဆန်မြို့အနီး  တောင်ရိုးဘုရားကုန်းက  TNLA တပ်စွဲထားတဲ့နေရာကို တွေ့ရစဉ်

နှစ်ဖက်တိုက်ခိုက်မှုတွေကြား ဘုရားကြီးကျေးရွာအုပ်စုအတွင်းက နေအိမ်တစ်လုံးအတွင်း လက်နက်ကြီးကျလို့ အသက် ၆၀ အရွယ် ဦးအိုက်ထွန်းဆိုသူဟာ လက်နက်မှန်ပြီး သွေးလွန်လို့ သေဆုံးခဲ့ရပါတယ်။

ဒီလေးရက်အတွင်း တိုက်ပွဲကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့သလို တောင်းရိုးဘုရားကုန်းတဝိုက်က ကျေးရွာတွေမှာနေထိုင်ကြတဲ့ ဒေသခံ ၂၀၀၀ ကျော် နေရပ်စွန့်ခွါခဲ့ကြရတယ်လို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးသိန်းဇော်က ပြောပါတယ်။

TNLA တပ်တွေဟာ နမ့်ဆန်မြို့နယ်အတွင်း အမာခံတပ်စွဲတာမရှိဘဲ ရွေ့လျားသွားလာ နေတာဖြစ်ကြောင်း ဦးသိန်းဇော် က ဆက်ပြောပါတယ်။

“TNLA က စဖွဲ့ထဲက ဒီနေ့အထိ ဘယ်နေရာမှာမှ အမာခံတပ်စွဲထားတဲ့နေရာမရှိဘူး။ ရွေ့လျားပဲလုပ်နေတာ။ ကျန်ခဲ့တဲ့အနည်းငယ်တော့ အဲဒီမှာရှိတယ်။ နေခဲ့တဲ့အချိန်မှာ တပ်က တက်လာတယ်။ ရွာသားတွေကတဆင့် မတက်ဖို့ ပြောထားတယ်။ တပ်က တက်လာတဲ့အခါမှာ အပေါ်ကစောင့်နေတဲ့ ရဲဘော်က ၁၂ ယောက်လောက် ပဲလား မသိဘူး။ ပစ်ထည့်လိုက်တာ။ တပ်မတော်ဘက်က တော်တော်လေးထိသွားတာ။ အဲဒီအခါ အဖွဲ့တွေ အများကြီး ဒီပေါ်မှာရှိနေတယ်ဆိုပြီး မြို့ပေါ်ကိုလှမ်းသတင်းပို့ မြို့ပေါ်က လက်နက်ကြီးတွေနဲ့ လှမ်းထု”

ပြည်သူ့စစ်အဖွဲ့တွေက TNLA တပ်တွေ အများအပြားတပ်စွဲထားတယ်ဆိုတဲ့ သတင်းမှားပေးခဲ့တာကြောင့် တပ်မတော်က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဦးသိန်းဇော်က ဆိုပါတယ်။

တိုက်ပွဲတွေပြီးနောက် တောင်ရိုးကုန်းမှာ ပစ်ကျင်း ၄၅ ကျင်း တွေ့ရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က အစည်းအဝေး တက်နေတာကြောင့် ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

နမ့်ဆန်မြို့နယ်အတွင်းက တိုက်ပွဲတွေဟာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ နှစ်ဖက်လုံးက အပစ်ရပ်ထားချိန်မှာ ဖြစ်ခဲ့တာပါ။

သြဂုတ်လ ၁၅ ရက်နေ့ နောက်ပိုင်း တိုက်ပွဲတွေအတွင်း ဒေသခံတွေရဲ့ ကားတွေ မီးရှို့ ခံခဲ့ရတဲ့ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေးက တောင်ကုန်းတွေမှာနေရာယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း တပ်မတော်က ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

ဒါပေမဲ့ လုံခြုံရေးကို ရာနှုန်းပြည့်အာမခံလို့မရသေးဘူးလို့ သူက ပြောပါတယ်။

“တချို့နေရာတွေက ဘယ်လိုပဲဖြစ်ဖြစ် အဖျတ်လုပ်ငန်းလုပ်ဆောင်နေတဲ့သူတွေကတော့ လူသုံး၊ လေးယောက်လောက်နဲ့လည်း လမ်းမကြီးပေါ်တက်လာလို့ရတာပဲလေ။ ၁၀၀ ရာခိုင်နှုန်း စိတ်ချရပြီလို့တော့ ကျနော်တို့ အာမခံလို့မရပါဘူး။”

ပြည်ထောင်စုလမ်းမကြီးအနီး ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာမှာနေထိုင်သူ တစ်ဦးပြောတာက

“ရွှေမှော်ဘက်မှာ ပစ်ခတ်နေကြတယ်။ တနေ့ကတော့ ငြိမ်သွားပြီ။ ကားလမ်းနဲ့ဝေးတော့ အဝေးကနေ မီးခိုးလေး ဘာလေးမြင်ရတာ။ ရွှေမှော်က အဖွဲ့တွေက မိုးကုတ်၊ မိုးမိတ်ဘက်ကနေလာပြီး တောင်ပေါ်မှာ ရွှေကျင်တဲ့ အဖွဲ့တွေ။”

တိုက်ပွဲတွေကြောင့် ဒေသခံတွေနေရပ်မပြန်ရဲသေးတဲ့ ရွှေမှော်ကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ကျေးရွာဖြစ်တယ်လို့ဆိုပါတယ်။ လုံခြုံရေးအခြေအနေအရ သူက အမည်ထုတ်ဖော် မပြောလိုတာလို့ ပြောပါတယ်။

တပ်မတော်က ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဒေသကြီး ၅ ခုမှာ အခုလ ၂၁ ရက်နေ့အထိ အပစ် ရပ်ထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကတော့ သူတို့လှုပ်ရှားရာ ရခိုင်နဲ့ ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ အောက်တိုဘာလ ၈ ရက်နေ့အထိ အပစ်ရပ်ထားပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။