KIA စခန်း ၂၂ ခု သိမ်းပိုက်နိုင်တယ်လို့ တပ်မတော်ထုတ်ပြန်


2018.01.05
c2-kia-camp-622.jpg ကေအိုင်အေ တပ်စခန်းတစ်ခုကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရဲ့ အနောက်တောင်ဘက် ၂၅ မိုင်အကွာကနေ စတင်ပြီး ၂၀၁၇ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၁၈ ဇန်နဝါရီလ ၃ ရက်နေ့အထိ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ စခန်းငယ် ၁၈ ခုနဲ့ အဓိက စခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါပေမဲ့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူကတော့ တပ်မတော်က သိမ်းပိုက်ရရှိတယ်ဆိုတဲ့ တပ်စခန်းတွေဟာ အခိုင်အမာ တပ်စခန်းတွေ မဟုတ်ဘူးလို့ ပြောပါတယ်။

"အဲနားမှာ ကေအိုင်အေ တပ်စခန်း ၁၈ ခုရှိလည်းမရှိပါဘူး။ ဆိုတော့ သူတို့ပြောတဲ့ တပ်စခန်းတွေ၊ သိမ်းပိုက်ရတယ်ဆိုတာ အခိုင်အမာတပ်စခန်းတွေမရှိဘူးလို့ မဟုတ်ဘူးလို့ ကျနော်ပြောလိုပါတယ်။"

အဲဒီလို တပ်စခန်းတွေကို သိမ်းပိုက်လိုက်နိုင်ခဲ့တာကြောင့် မိုးမိတ်မြို့နယ်နဲ့ မဘိမ်းမြို့နယ်အတွင်း ဖြတ်သန်းပြီး တဘက်နိုင်ငံကို တရာမဝင်သစ်ခိုးထုတ်နေတဲ့ အဓိကလမ်းကြောင်းနေရာတစ်ခုကို တားဆီးလိုက်နိုင်ခဲ့တယ်လို့ ဇန်နဝါရီလ ၄ ရက်နေ့ ရက်စွဲနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီး-ဂိုက်ထိပ်ဒေသအတွင်းမှာ KIA က တဘက်နိုင်ငံကို တရားမဝင် သစ်ခိုးထုတ်မှုတွေ ဆောင်ရွက်နေတယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူက KIA အနေနဲ့ တရားမဝင်သစ်ခိုး ထုတ်တာ၊ သစ်ထုတ်ဖို့လက်မှတ်ပေးတာမျိုးမရှိကြောင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သစ်တောဌာနက တာဝန်ရှိသူတွေနဲ့ တပ်မတော်က တာဝန်ရှိသူတွေ ပူးပေါင်းပြီး လုပ်ဆောင်တာသာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဟာ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူညီမှုစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သလို NCA လမ်းစဉ်တိုင်း မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။