ရခိုင်မြောက်ပိုင်းအရေး စုံစမ်းစစ်ဆေးဖို့လိုအပ်လို့ ခုံရုံးဖွဲ့တာလို့ တပ်မတော်ပြော


2019.03.25
army-press-mar25-622.jpg တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ မတ် ၂၅ ရက်နေ့က နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ကျင်းပစဉ်
Photo: Win Ko Ko Latt/ RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်- မောင်တောဒေသတွေမှာ ၂ဝ၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း နိုင်ငံတကာအဖွဲ့အစည်းတွေက စွပ်စွဲလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မူတွေကို စုံစမ်းစစ်ဆေးဖို့ တပ်မတော်က ခုံရုံး ဖွဲ့စည်းလိုက်တာဟာ လိုအပ်လို့ လုပ်သင့်လုပ်ထိုက်လို့ ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံတကာက စွပ်စွဲပြောဆိုတာတွေကို လျော့နည်းအောင် လုပ်တာမဟုတ်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီက RFA ကို ဒီနေ့ ပြောပါတယ်။

တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အခြေအနေ၊ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဒီနေ့ နေပြည်တော်က တပ်မတော် စစ်သမိုင်းပြတိုက်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းအရေး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International စတဲ့အဖွဲ့တွေက စွပ်စွဲရေးသားဖော်ပြတဲ့အချက်တွေနဲ့ ပတ်သက်လို့ စိစစ်အတည်ပြုဖို့ တပ်မတော်က ပြီးခဲ့တဲ့ရက်ပိုင်းက ခုံရုံး ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ပြည်သူတွေအကြား AA ကို ထောက်ခံမှုများပြားလာတာဟာ အစိုးရ တပ်မတော်က အင်အားသုံး ထိုးစစ်ဆင်ဆောင်ရွက်ချက်တွေကြောင့် လားဆိုတဲ့ RFA ရဲ့ မေးခွန်းကို ဖြေကြားရာမှာ AA က သပ်သပ် ရခိုင်ပြည်သူတွေက သပ်သပ် သီးခြားသာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောပါတယ်။

မတ်လ ၁၈ ရက်နေ့က မြောက်ဦးမြို့မှာ တပ်မတော်ဘက်က တစ်ဖက်သတ်ပစ်ခတ်ခဲ့တယ်လို့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တာတွေရှိကြောင်း၊ တပ်မတော်ဘက် အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာမဟုတ်ပဲ AA အဖွဲ့က နေအိမ်တွေ ကိုအကာအကွယ်ယူတာတွေ ၊ ဘုရားပုထိုးစေတီတွေ အနီးကနေ နေရာယူပြီး ပစ်ခတ်တဲ့အတွက် ပြန်ပစ်ရတာဖြစ်ကြောင်းလည်း ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောပါတယ်။

ဒါ့အပြင် စစ်တိုင်းဒေသကြီး ၅ ခုမှာ တပ်မတော်က အပစ်ရပ် ၄ လ ကြာ သတ်မှတ်ခဲ့တာဟာ တရုတ်နိုင်ငံက ဖိအားပေးမှုကြောင့်လားဆိုတဲ့ သတင်းထောက် တစ်ဦးရဲ့ မေးခွန်းကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ငြင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လ က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ AA ရခိုင်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က အမြစ်ပြတ် ချေမှုန်းဖို့ဆိုပြီး ညွှန်ကြားထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့တာရှိကြောင်း၊ ဘယ်လိုအကြောင်းကြောင့် အဲဒီလို ပြောခဲ့တာလဲလို့ သတင်းထောက်တစ်ဦး က မေးမြန်းတာကိုတော့ ဗိုလ်ချုပ် ထွန်းထွန်းညီက လိုအပ်လို့ အဲဒီလို ပြောရတာဖြစ်ကြောင်း ပြောပါတယ်။

တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အစိုးရကြား မတူညီမှုတွေရှိတဲ့အတွက် ငြိမ်းချမ်းရေး ရှေ့မတိုးနိုင်ပဲ အတားအဆီးဖြစ်နေသလားဆိုတဲ့ မေးခွန်းကို ဗိုလ်ချုပ် စိုးနိုင်ဦးက တပ်မတော်နဲ့ အစိုးရကြားကွဲပြားမှု မရှိကြောင်း ဖြေကြားခဲ့ပါတယ်။

တပ်မတော်က စစ်တိုင်းဒေသကြီး ငါးခုမှာ လေးလကြာ အပစ်အခတ်ရပ်စဲကြောင်း ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြေညာခဲ့ပေမယ့် ရခိုင်ပြည်နယ် မပါဝင်တာဟာ ရခိုင်ပြည်နယ်ဟာ အဲဒီအချိန်က အဖြူရောင်နယ်မြေသာ ဖြစ်တဲ့အတွက် မထည့်သွင်းခဲ့တာလို့လည်း ပြောခဲ့ပါတယ်။
အပစ်ရပ်ကာလကို သတ်မှတ်ထားတာ နောက် ဧပြီလ ဆိုရင် ၄ လ ပြည့်တော့မှာဖြစ်တဲ့အတွက် နောက်ထပ် သက်တမ်းတိုးဖို့ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ ဗိုလ်ချုပ ်စိုးနိုင်ဦး က ဒီကာလက လုံလောက်တယ်လို့သာ ဖြေကြားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ထူးခြားချက်အဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက သူရဲ့ဘူးလက်ဂျာနယ်အတွက် တက်ရောက်မေးမြန်းခဲ့တာကို တွေ့ရပါတယ်။ သူက AA အဖွဲ့ကနေ သိမ်းပိုက်ရရှိတဲ့ လက်နက်တွေဟာ ဘယ်နိုင်ငံကနေ ထုတ်တဲ့ လက်နက်တွေလဲလို့ မေးမြန်းခဲ့ပါတယ်။

တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က သိမ်းမိတဲ့ လက်နက်တွေ အားလုံးနီးပါးဟာ အသစ်တွေ ဖြစ်ကြောင်း၊ ထုတ်လုပ်တဲ့ နိုင်ငံကတော့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်ပြီး ဘယ်နိုင်ငံလဲ ဆိုတာကိုတော့ အတိအကျ မပြောလိုကြောင်း ပြောပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ် မြောက်ဦးမှာ ဖြစ်ခဲ့တဲ့ AA နဲ့ တိုက်ပွဲတွေကို အဓိကထားပြောသွားသလို NCA အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ နဲ့ တပ်မတော်ရဲ့ အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဖြစ်ပွားနေတဲ့ အခြေအနေတွေကိုပါ ထည်သွင်း ပြောကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုသီဟထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။