တပ်က လမ်းပြခေါ်သွားသူတွေ ပြန်လွှတ်ရေး မိသားစုများ တောင်းဆို

မင်းသိန်းအောင်
2019.12.06
rakhine-army-622.jpg ရခိုင်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: AFP

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မီးဝကျေးရွာက အမျိုးသား ခြောက်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်ဆောင်သွားတာ အချိန် ၂ ပတ်ကျော် ကြာလာတဲ့အထိ ပြန်လွှတ်မပေးသေးတာကြောင့် မိသားစုဝင်တွေက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် တိုင်ကြားစာနဲ့ အသနားခံစာရေးရာကော်မတီ ဥက္ကဋ္ဌတို့ထံ မနေ့က စာရေးသားပေးပို့လိုက်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မီးဝကျေးရွာမှာ  နိုဝင်ဘာ ၁၁ ရက်နေ့က တပ်မတော်စစ်ကြောင်း တစ်ခုက ခေါ်ဆောင်သွားတဲ့ အမျိုးသား  ခြောက်ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေ စုပေါင်းလက်မှတ်ရေးထိုးပြီး မနေ့က စာရေးသားပေးပို့လိုက်တာပါ။

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် တိုင်ကြားစာနဲ့အသနားခံစာရေးရာကော်မတီ ဥက္ကဋ္ဌတို့ထံ လိပ်မူပြီးတော့ စစ်တွေစာတိုက်ကနေတစ်ဆင့် မနေ့က ပေးပို့လိုက်တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့မနက်ပိုင်းမှာ အင်အား ရာဂဏန်းနီးပါးရှိတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲကို ရောက်ရှိလာပြီး လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရွာသားတွေကို ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

တပ်က ခေါ်ဆောင်သွားသူတွေဟာ အသက် ၅၀ အရွယ် ဦးကျော်သန်း၊  ၅၁ နှစ်အရွယ် ဦးရွှေနု၊   ၃၂ နှစ်အရွယ် ဦးသန်းဦးလှိုင်၊  ၃၁ နှစ်အရွယ် ဦးညီညီအောင်နဲ့ လဖက်ရည်ဆိုင်မှာ ထိုင်နေကြတဲ့ အခြား ဧည့်သည် နှစ်ဦးတို့ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အချိန်တစ်ပတ်လောက်အကြာ အဲဒီစစ်ကြောင်း  ဂြန့်ခါးစေ့ရွာကိုရောက်လာချိန်မှာ မိသားစုဝင်တွေက သွားတွေ့ ဖို့ကြိုးစားခဲ့တယ်လို့ ခြောက်ဦးထဲက တစ်ဦးဖြစ်သူ ဦးသန်းရဲ့ဇနီး ဒေါ်မမြရီက RFA ကိုပြောပါတယ်။

“ကျွန်မအမျိုးသားကို ပြန်လွှတ်ပေးပါဆိုပြီး အသနားခံဖို့ သွားခဲ့တာပါ။ ကျွန်မ အမျိုးသားနဲ့တွေ့ခွင့် ရချင်တာ လည်း ပါပါတယ်။ ဒါပေမယ့် ရွာထဲကိုတောင် မဝင်ခဲ့ရပါဘူး။ တပ်က ဘာကြောင့်လာတာလဲ၊ ဘာလုပ်ဖို့လာတာလဲ မေးတော့ ကျွန်မ အမျိုးသားအတွက် စိုးရိမ်လို့လာတာလို့ ကျွန်မက ပြောလိုက်တယ်။ သူတို့ကတော့ နောက်ထပ် မလာနဲ့ဆိုပြီး ပြန်ပြောခဲ့ပါတယ်”

အဲဒီတပ်မတော်စစ်ကြောင်းက တာဝန်ရှိသူတွေကို ကျေးရွာလူကြီးအချို့က သွားရောက်တွေ့ဆုံခဲ့ရာမှာလည်း ပြန်လွှတ်ပေးမယ်လို့ ပြောဆိုပေမယ့် ဖမ်းဆီးခံထားရသူတွေနဲ့ တွေ့ဆုံခွင့်မရခဲ့သလို သတင်းမီဒီယာတွေ ဆီကိုမပြောဖို့ ဖိအားပေးခံခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

တပ်မတော်စစ်ကြောင်းနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ အဲဒီကျေးရွာလူကြီးတွေကို RFA က မေးမြန်းဖို့ ကြိုးစား ခဲ့ပေမယ့် လုံခြုံရေးကို စိုးရိမ်ရလို့ဆိုပြီး တရားဝင်ပြောဆိုဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လို့ ကျေးရွာသားတစ်ဦးကတော့ ပြောပါတယ်။

“စစ်ကြောင်းက ရွာထဲကို ဝင်လာပြီးတော့ သူတို့သွားတဲ့အချိန်မှာ လူခြောက်ယောက်ကို သူတို့ခေါ်သွား ပါတယ်။ လမ်းပြဆိုပြီးတော့ ကျွန်တော်တို့ရွာကခေါ်သွားတာပါ။ ရွာကလူတွေ သွားတွေ့တဲ့အချိန်မှာ သူတို့ကို အပြစ်မရှိဘူး ဆိုရင် လွှတ်ပေးမှာပါလို့ပြောပါတယ်။ ဘာကြောင့် အခုထိ လွှတ်မပေးသေးတာလဲဆိုတာကို ကျွန်တော်တို့လည်း အတိအကျ မပြောတတ်ပါဘူးခင်ဗျ။ အခုအထိ လွတ်မလာကြသေးပါဘူး”

ပြန်လွတ်မလာသေးတဲ့ လူ ခြောက်ဦး အကြောင်းမေးမြန်းဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို RFA က ဒီနေ့ညနေပိုင်းအထိ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိကြပါဘူး။

ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကလည်း ရွာသား ခြောက်ဦးကိစ္စနဲ့ ပတ်သက်လို့ သူ့ရဲ့အစီအစဉ်ကို အခုလိုပြောပါတယ်။

“မိသားစုဝင်တွေနဲ့ ကျွန်တော်တို့တွေ့တယ်။ တွေ့ပြီးတော့ ဒီကိစ္စနဲ့ဆက်စပ်ပြီးတော့မှ ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေကို ကျွန်တော်တို့ဆွေးနွေးပြီးတော့မှ စာပို့ကြတယ်ပေါ့။ ကျွန်တော့ဆီကိုလည်း စာပို့လာတယ်။ ကျွန်တော်ကတော့ အခုကျောက်တော်ကို ခွင့်နဲ့ရောက်နေပါတယ်။ ကျွန်တော် လွှတ်တော်ကို ပြန်ရောက်တဲ့အခါမှာ အဲဒီမှာရှိတဲ့အဖွဲ့အစည်းတွေပေါ့၊ လူ့အခွင့်အရေးကော်မရှင်ထံ ကိုလည်းပို့မယ်၊ နောက်ပြီးတော့ ဆက်သွယ်ဆောင် ရွက်လို့ရမယ့် တပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းအချို့ထံကိုလည်း ကျွန်တော်တို့ လှမ်းပြီးအကူအညီတောင်းတာတွေ၊ သတင်းစကားပြောတာတွေ လုပ်ပါမယ်”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၁၁ လ အတွင်း ရက္ခိုင့်တပ်တော် AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ တရားရုံးမှာ စွဲဆိုထားတဲ့ အမှုပေါင်း ၄၈ မှုရှိပြီး စွပ်စွဲခံထားရသူ အရေအတွက်ကတော့ ၅၀၀ လောက် ရှိတယ်လို့ စစ်တွေမြို့ အခြေစိုက် သဇင်-ဥပဒေအထောက်အကူပြုအဖွဲ့က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။