တပ်နဲ့ အစိုးရဌာန ရိက္ခာအဖြစ် မတ်ပဲနဲ့ ပဲစင်းငုံသုံးစွဲဖို့ ညှိနှိုင်းနေ
တပ်မတော်အပါအဝင် ပဲကို ရိက္ခာအဖြစ်သုံးစွဲတဲ့ အစိုးရဌာနတွေအနေနဲ့ အခြား ပဲအမျိုး အစားတွေနေရာမှာ ပဲစင်းငုံနဲ့ မတ်ပဲကို အစားထိုးသုံးစွဲရေးအတွက် ဆွေးနွေးနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောပါတယ်။
-
2017-10-13 -
-
-
တပ်မတော်အပါအဝင် ပဲကို ရိက္ခာအဖြစ်သုံးစွဲတဲ့ အစိုးရဌာနတွေအနေနဲ့ အခြား ပဲအမျိုးအစားတွေနေရာမှာ ပဲစင်းငုံနဲ့ မတ်ပဲကို အစားထိုးသုံးစွဲရေးအတွက် ဆွေးနွေးနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောပါတယ်။
ပဲစင်းငုံနဲ့ မတ်ပဲကို အစိုးရဌာနတွေမှာ ရိက္ခာအဖြစ် သုံးဖို့အတွက် အဲဒီပဲတွေကို ချက်ပြုတ်တဲ့နည်းတွေကို ပါ ဖြန့်ဝေပေးနေတယ်လို့ ဒီကနေ့ နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားအပြီးမှာ ဦးတိုးအောင်မြင့်က ပြောပါတယ်။
"တပ်မတော်ရယ်လို့မဟုတ်ဘူး ပဲသုံးတဲ့ဌာနတွေအားလုံးကို ဆွေးနွေးတာပါ၊ ပဲသုံးတဲ့ဌာနတွေ သင်တန်းကျောင်းတွေရှိတယ်၊ တချို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးမှာ သုံးတာတွေရှိတယ်၊ အဲဒီမှာ ပဲစင်းငုံနဲ့ မတ်ပဲကို အစားထိုးသုံးနိုင်အောင်ပေါ့နော်၊ အဲဒါအတွက် ဘယ်လိုချက်ရတယ်၊ ဘယ်လိုပြုတ်ရတယ်၊ နည်းပညာတွေ ဖြန့်ပေးတာပါ၊ နိုင်ငံခြားပို့လောက်တဲ့အထိတော့ အကုန်လုံးမစားနိုင်ဘူးပေါ့နော်"
မြန်မာနိုင်ငံကပဲကို အဓိကဝယ်ယူနေတဲ့ အိန္ဒိယနိုင်ငံက အခုနှစ် သြဂုတ်လကစပြီး ပဲဝယ်ယူတဲ့ မူဝါဒ ပြောင်းလဲလိုက်တဲ့အတွက် ပြည်တွင်းပဲဈေးကွက်ကို ထိခိုက်နေတာဖြစ်ပါတယ်။
အိန္ဒိယရဲ့ ပဲတင်သွင်းခွင့်မူဝါဒ ပြောင်းလဲလိုက်တာကြောင့် အရင်က မတ်ပဲ တစ်တန်ကို မြန်မာကျပ်ငွေ ၉ သိန်းလောက်ရှိရာကနေ လက်ရှိမှာ ၅ သိန်းအောက် အထိ ဈေးနှုန်းကျဆင်းနေသလို ပဲစင်းငုံတစ်တန်ကိုလည်း အရင်က ၈ သိန်းဝန်းကျင်ကနေ လက်ရှိမှာ ၄ သိန်းအောက်အထိ ဈေးနှုန်းတွေ ကျဆင်းနေတာဖြစ်ပါတယ်။
ပြည်တွင်းပဲဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် အစိုးရက ပြည်သူတွေ ပဲစားသူံးမှုမြင့်တက်ဖို့ ပဲစားပွဲတော်တွေ ကျင်းပတာလည်းရှိသလို ပဲကုန်သည်တွေနဲ့ အစိုးရပူးပေါင်းပြီး ကျပ်ဘီလီယံ ၁၀၀ မတည်ကာ ပြည်တွင်းပဲတွေ ဝယ်ယူဖို့ စီစဉ်နေပါတယ်။
လက်ရှိမှာတော့ ပဲလုပ်ငန်းရှင်တွေ စုပေါင်းမတည်ထားတဲ့ ရန်ပုံငွေနဲ့ မတ်ပဲတန်ချိန် ၂ သောင်းနဲ့ ပဲစင်းငုံ တန်ချိန် ၁ သောင်း ဝယ်ယူနေပါတယ်။