အင်းမတီး ရွာသားတွေကို ထွက်ခွာဖို့ စစ်တပ် အမိန့်ပေး
2014.02.25

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲက သမီးလေးရွာ နဲ့အနီးတဝိုက်ရွာတွေကို ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်း ဒေသခံစစ်တပ်က ဖယ်ရှားလိုက် တဲ့နောက် နေစရာအခက်အခဲဖြစ်လို့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ အင်းမတီး ရွာသားတွေကို အဲဒီကနေထွက်ပေးဖို့ စစ်တပ်အရာရှိတစ်ဦးက မနေ့ညနေက သွားရောက်အမိန့်ပေးခဲ့တယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အင်းမတီးရွာသား ကိုမျိုးမင်းထွန်း RFA ကို ပြောတာက
"ရက် ၂ဝ ကျော် ကျနော်တို့က ဒီမှာဒုက္ခရောက်နေတာ အဲဒါကို ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့အဖွဲ့က လာတယ်ဗျာ၊ လာပြီးတော့ လှူတာကို တပ်ကသူတို့ကို မပြောရကောင်းလားဆိုပြီး ပထမနေ့မှာ လာမာန်ပါတယ်၊ ၂၅ ရက်နေ့မှာကျတော့ သူတို့က ခြေလျှင်တပ်ကဗိုလ်မှူးက ခင်ဗျားတို့ ဒီမြေမှာမနေနဲ့ ထွက်သွား၊ ခင်ဗျားတို့ ဒီ ၃ ၇က်အတွင်း မထွက်ရင် မီးရှို့မယ်လို့ ကျိန်းသွားတာခင်ဗျ"
အဲဒီဘုန်းကြီးကျောင်းမှာ လက်ရှိခိုလှုံနေတာ မိသားစု ၂၈ စုရှိပြီး၊ တခြားမိသားစုတွေ ကတော့ ဆွေမျိုးနီးစပ်တွေရဲ့ အိမ်တွေမှာ သွားရောက်ခိုလှုံနေကြတယ်လို့ဆိုပါတယ်။
သူတို့အင်းမတီးရွာဟာ ၁၉၅၈ ခုနှစ် မတိုင်ခင်ကတည်းက တည်ရှိခဲ့ပြီး လယ်ယာ လုပ်ကိုင်စားသောက်ကြရာ ကနေ၊ ၁၉၉၂ ခုနှစ်မှာတော့ ဒေသခံစစ်တပ်က လယ်မြေတွေသိမ်းလိုက်ပြီး ရော်ဘာစိုက်ခင်းတွေ ပြောင်း လိုက်တဲ့အခါ ဒေသခံတွေကို သီးစားခနဲ့တမျိုး၊ လုပ်အားခနဲ့တဖုံခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က အဖျက်ခံလိုက်ရတဲ့ အင်းမတီးရွာသားတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ရွာသားတစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းထွန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။