အပစ်ရပ်သက်တမ်းတိုးမတိုး လစဉ် တပ်သတင်းစာရှင်းလင်းပွဲမှာ ပြောမည်
စစ်တိုင်းကြီးခြောက်ခုမှာ ဒီလကုန်သက်တမ်းကုန်ဆုံးမယ့် အပစ်အခတ်ရပ်စဲရေးကာလကို တပ်မတော်က ထပ်ပြီး သက်တမ်းတိုးမတိုး ဆိုတာကို ဒီလအတွင်း ပြုလုပ်မယ့် တပ်မတော်ရဲ့ လစဉ်သတင်းစာရှင်းလင်းပွဲမှာမှ ထုတ်ပြန်နိုင်မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။
-
2019-06-21 -
-
-
ဒီလကုန်သက်တမ်းကုန်မယ့် အပစ်ရပ်စဲရေးကာလကို တပ်မတော်က ထပ်မံသက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာကို ဒီလအတွင်း နေပြည်တော်မှာ ကျင်းပမယ့် တပ်မတော်ရဲ့ လစဉ်သတင်းစာရှင်းလင်းပွဲမှာမှ ထုတ်ပြန်ပြောနိုင်မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
အစိုးရတပ်မတော်က တဖက်သတ်အပစ်ရပ်ထားတဲ့ ခြောက်လနီးပါး ကာလအတွင်း ရှမ်းနဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေလျော့ကျလာခဲ့သလို KIA နဲ့ဆိုရင် တိုက်ပွဲတွေ မဖြစ်သလောက်နည်းပါးခဲ့တယ်လို့ သူက ပြောပါတယ်။
KIA နဲ့ တိုက်ပွဲတွေမဖြစ်သလောက်နည်းခဲ့တာကြောင့် ကချင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်း တချို့ကို မူလနေရပ်တွေကို ပြန်လည်နေရာချနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဧပြီလအထိ ပထမ အပစ်ရပ်ကာလ လေးလတာကာလအတွင်း ရှမ်းပြည်ပြည်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ ရှမ်းပြည်တိုး တက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့် ဧပြီလကနေ အခုဇွန်လကုန်အထိ သက်တမ်းတိုးထားတဲ့ နှစ်လတာ ကာလအတွင်း တိုက်ပွဲဖြစ်တာမရှိဘူးလို့ ပြောပါတယ်။
အပစ်ရပ်ကာလသက်တမ်း ထပ်တိုးမတိုးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပြင် အစိုးရက ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးကြမလဲဆိုတဲ့ မေးမြန်းချက်အပေါ်မှာတော့ မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။