တပ်မြေထဲရောက်နေတယ်ဆိုတဲ့ လားရှိုးက အိမ်တစ်လုံး ဖြိုဖျက်ခံရ

ကံသာ
2019.12.24
lashio-army-house-622.jpg လားရှိုးမြို့နယ် ခေးခမ်းရွာမှာ တပ်မြေနဲ့မလွတ်လို့ဆိုပြီး အဖျက်ခံရတဲ့အိမ်တစ်လုံးကို ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့ကတွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ခေးခမ်းကျေးရွာမှာ အမှတ် ၇ ဆက်သွယ်ရေးအလုပ်ရုံ တပ်မြေနဲ့မလွတ် လို့ဆိုပြီး နေအိမ်တစ်လုံးနဲ့ ခြံဝန်းအုတ်တံတိုင်းအချို့ကို ဆက်သွယ်ရေးတပ်တာဝန်ရှိသူက လာရောက်ဖြိုဖျက် ခဲ့ပါတယ်။

နေအိမ်တွေလာရောက်ဖယ်ရှားခိုင်းတဲ့ ဆက်သွယ်ရေးတပ်အရာရှိဆိုသူကတော့ သူတို့အနေနဲ့အိမ်ရှင်ကို နေအိမ် ဆောက်ကတည်းက တပ်မြေနဲ့မလွတ်လို့ ဆက်မလုပ်ဖို့ နှုတ်နဲ့ကော စာနဲ့ပါတားမြစ်ခဲ့တယ် လို့ပြောပါတယ်။

ဒါ့အပြင် နေအိမ်ပိုင်ရှင်နဲ့ဒေသခံတွေ ပြောဆိုမှုဟာလည်း မမှန်ကန်ဘူးလို့သူကပြောပါတယ်။ တားမြစ်မှုကို လက်မခံဘဲ နေအိမ်ဆက်ဆောက်ခဲ့တဲ့ ဒေါ်ခင်ကြူကိုလည်း တရားစွဲဆိုထားတယ်လို့ပြောပါတယ်။

လက်ရှိမှာ တပ်မြေဧရိယာကို ပြန်လည်တိုင်းတာရာမှာ တပ်မြေနဲ့ မလွတ်ကင်းတဲ့မြေ ၁၆ ကွက်လောက်ပါဝင်နေပြီး အားလုံးဖယ်ပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။


သူတို့အနေနဲ့ နေအိမ်အဖျက်ခံရတဲ့ ဒေါ်ခင်ကြူအတွက် မြေအစားထိုးပေးဖို့ပြောထားပြီးဖြစ်သလို နေအိမ်ကို ဆုံးရှုံးမှုနည်းစေဖို့ ကိုယ်တိုင်ဖျက်ပြီး ဖယ်ရှားပေးဖို့ ပြောဆိုထားပြီးဖြစ်တယ်လို့ပြောပါတယ်။

RFA က ဆက်သွယ်ရေးတပ်ကအရာရှိကို ရုပ်သံအင်တာဗျူးဖြေပေးဖို့ တောင်းဆိုပေမယ့် သူ့အနေနဲ့ မဖြေကြားလိုကြောင်းပြောပါတယ်။

လက်ရှိမြေယာအငြင်းပွားမှုဖြစ်နေတဲ့နေရာဟာ ခေးနင်ရွာထိပ်မှာရှိတဲ့ အမှတ်(၇)ဆက်သွယ်ရေးအလုပ်ရုံ တပ်နေရာနဲ့ ယခင် ၆၀၀၇ သံချပ်ကာတပ်နေရာကြားမှာဖြစ်ပါတယ်။ ယခင်ဆက်သွယ်ရေး တပ်တာဝန်ရှိသူတွေ က ဒေသခံတွေကို တပ်မြေနေရာကို မကျူးကျော်ဖို့ နေရာသတ်မှတ်ပေးခဲ့တာလို့ ဒေသခံ မမြင့်မြင့်သန်း ကပြောပါတယ်။

လားရှိုးမြို့နယ်အမှတ် (၉)ရပ်ကွက် နဲ့အမှတ်(၁၂)ရပ်ကွက်ကြားက ခေးခမ်းကျေးရွာ၊ ခေးနင်းရွာစတဲ့ကျေးရွာတွေ အနီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်က တပ်မတော်စစ်တပ်တွေ လာရောက်တည်ပြီးကတည်းက ဒေသခံတွေ တောင်သူတွေနဲ့ တပ်တွေကြားမှာ မကြာခဏ မြေယာအငြင်းပွားမှုတွေရှိနေတာပါ။

ဒီအတွက်ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကလည်း ခေးနင်း၊ ခေးခမ်းက တောင်သူတွေဟာ တပ်မြေကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါသေးတယ်။ အဲဒီနောက်ပိုင်းမှာတပ်မတော်ဘက်က တာဝန်ရှိသူတွေက ကျေးရွာမြေယာကော်မ တီတွေကို ခေါ်ယူပြီး တပ်သိမ်းမြေကိစ္စအတွက် ညှိနှိုင်းပေးခဲ့တာရှိတယ်လို့ ညှိုနှိုင်းမှုမှာ ကိုယ်တိုင်ပါဝင်တဲ့ ရှမ်းလူငယ်အဖွဲ့ ကိုစိုင်းဟန် ကပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။