တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်


2019.05.21
mrauku-city-622.jpg ရခိုင်ပြည်နယ် မြောက်ဦးမြို့ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာနဲ့ ပေါက်တောပြင်ကျေးရွာတဝိုက်မှာ အစိုးရ တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ ဒီနေ့မနက် ၄ နာရီခန့်မှာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် တာနေရတယ်လို့ ပြောပါတယ်။

နှစ်ဖက်တပ်တွေ ထိပ်တိုင်ရင်ဆိုင်တိုက်ပွဲဖြစ်လို့ အုတ်ဖိုကန်ကျေးရွာက ဒေသခံ ၃ ဦးခန့် သေဆုံးတယ်လို့ သတင်းတွေထွက်နေပါတယ်။ တိုက်ပွဲဖြစ်တယ်ဆိုတာ ဟုတ်မှန်ပေမယ့် လူသေဆုံးမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတော့ မကြားရဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။

ပေါက်တောပြင်ဘက်မှာဆိုရင် မကြာခဏ တိုက်ပွဲတွေဖြစ်လို့ ရွာသူရွာသားတွေဟာ ရွာနဲ့ ၅ မိုင်ခန့် ဝေးပြီး တပ်မတော်စစ်ကြောင်းတွေ သွားလာမှုနည်းတဲ့ မြောက်ဦးမြို့နယ်ထဲကပဲ ဘုရားလှနဲ့ ကုလားချောင်းကျေးရွာတွေ ဘက်ကို သွားရောက်နေထိုင်နေကြတာ ၄ လခန့်ရှိနေပြီလို့ ပြောပါတယ်။

တပ်မတော်နဲ့ AA တို့ကြား ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဟာ အရင်ကထက်စာရင် အခုလအတွင်း နည်းပါးလာတယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦး က ပြောပါတယ်။

AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား တွေ့ဆုံဆွေးနွေးမှုတွေရှိနေတာကြောင့် တိုက်ပွဲတွေ လျော့လာတာလို့ ပြောနိုင်မလားလို့ မေးကြည့်တော့ စစ်ဆင်ရေးလုပ်တဲ့ တပ်တွေဖြစ်တာကြောင့် အဲဒီအပိုင်းကို မသိကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦး ကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ ရခိုင်တပ်မတော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်ကနေ ဒီနေ့အထိ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော်တို့ရဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သား ၄၀ နီးပါးအထိ ရှိနေပြီဖြစ်ပြီ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်အထိ ရှိလာနေပြီဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။