ဖားကန့်မြို့နယ်မှာ အစိုးရတပ် နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်
2015.10.07

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က အောင်လက်နဲ့ ဂျာလာယန်ကျေးရွာတွေ အနီးတစ်ဝိုက်မှာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း ( ၆ ) တို့ တိုက်ပွဲတွေစတင်ဖြစ်နေတယ် လို့ ကေအိုင်အေတပ်ရင်းမှူးက ပြောပါတယ်။
ဖားကန့်မြို့နဲ့ ဆယ်မိုင်လောက်ဝေးတဲ့နေရာမှာ ဒီကနေ့ မနက်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး RFA က ဆက်သွယ်မေးမြန်းတဲ့ နေ့လယ်အချိန်အထိ တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့တယ်လို့ ကေအိုင်အေတပ်ရင်း ( ၆ ) တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က ပြောပါတယ်။
"ကျနော်တို့ ဒီမနက် ၇ နာရီ ၃၅ မိနစ်မှာ ခမရ ၃၃၆ ကနေ ကျနော်တို့ရဲ့ ရှေ့တန်းစခန်းတွေကို လာတိုက်ခိုက်ပါတယ်။ မနက် ၇ နာရီ ၃၅ မှာတစ်ကြိမ်၊ ၉ နာရီ ၁ဝ မိနစ်မှာ တစ်ကြိမ်ဖြစ်ပါတယ်၊ အခုလည်း လက်နက်ကြီးနဲ့ထုနေတုန်းပါ၊ နောက်ကျနော်တို့ တပ်ခွဲ(၃)ရှိတဲ့ ဂျာလာယန်ဘက်မှာလည်း ၁၂ နာရီကနေ ၁၂ နာရီခွဲအထိ တိုက်ပွဲဖြစ်ပါတယ်ခင်ဗျ၊ ဒီနေ့က လေးကြိမ်ဖြစ်ပါတယ်"
အဲဒီတိုက်ပွဲဖြစ်တဲ့ ကျေးရွာတဝိုက်ဟာ ကေအိုင်အေတပ်ရင်း ( ၆ ) အခြေစိုက်တဲ့ နေရာတွေဖြစ်တယ်လို့ လည်း ပြောပါတယ်။ တိုက်ပွဲတွေကြောင့် အနီးတစ်ဝိုက်က အောင်လက်၊ ဂျာလာယန်၊ နမ့်ဆိုင် စတဲ့ ကျေး ရွာတွေက ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
အစိုးရတပ်မတော် ခမရ ၃၃၆ က နေ့ခင်းလောက်အထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် တပ်မတော်ဘက်က ထိုးစစ်ဆင်မှုအပေါ်မူတည်ပြီး တပ်စခန်းတွေကို ဆုတ်ခွာသင့်ရင်ဆုတ်ခွာဖို့ စီစဉ်ထားရတယ်လို့ ပြောပါတယ်။
လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ လက်မှတ်ရေးထိုးဖို့ အစိုးရဘက်က စီစဉ်နေပြီဖြစ်ပါတယ်။
NCA လက်မှတ်ထိုးမယ့်အဖွဲ့ထဲမှာ မပါသေးတဲ့ ကေအိုင်အိုနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။ မနေ့ကလည်း လက်မှတ်ထိုးရာမှာ မပါသေးတဲ့ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (ဝမ်ဟိုင်း) အဖွဲ့နဲ့လည်း မိုင်းရှူှုမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကေအိုင်အေ တပ်ရင်း (၆) တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။