တပ်မတော်အနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး အတွက် အပစ်အခတ်ရပ်စဲရေးကို ဦးစားပေးဆောင်ရွက် သွားမှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက် ပါတယ်။
စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ မြို့မိမြို့ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေနဲ့ ဒီနေ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့တာပါ။
"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ အတွက် အခြေခံသဘောတူညီချက် မူကြမ်းတွေဖြစ် ပါတယ်၊ ဒီလုပ်ငန်းရပ်တွေကို အောင်မြင်အောင်လို့ ကျနော်တို့အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ် လို့ ပြောလိုပါတယ်၊ တပ်မတော်အနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးဟာ နံပါတ် ၁ ဖြစ်တယ်ဆိုတာ လက်ခံပြီးတော့မှ ဒါကိုဦးစားပေးဆောင်ရွက်လျှက် ရှိကြောင်း ကျနော်ပြောလိုပါတယ်"
ဒါ့အပြင် ပြည်ပနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်နေတာကို ချီးမွမ်းနေမယ့်အစား တိုင်းပြည်ဘယ်လိုတိုးတက်အောင် လုပ်ကြမလဲဆိုတာကို စဉ်းစားပြီးဆောင်ရွက်ကြဖို့လိုအပ်သလို စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်တယ်လို့ လည်း ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က တက္ကသိုလ်ဝင်တန်းဖြေဆိုသူ နှစ်သောင်းငါးထောင်ကျော်ရှိခဲ့ပြီး အဲဒီ့အထဲက တက္ကသိုလ်ကိုရောက်ရှိသူက လေးထောင်လောက်သာရှိတာကြောင့် အဲဒီလိုဆုံးရှုံးမှုတွေဟာ နိုင်ငံအတွက် သတိထားရမယ့်ကိစ္စဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ရခိုင်ပြည်နယ်က စာသင်ကျောင်းတွေအတွက် ငွေကျပ် သိန်း ၉၀၀ ကျော်တန်ဖိုးရှိတဲ့ ကွန်ပျူတာပစ္စည်းတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ အခမ်းအနားမှာ လှူဒါန်းခဲ့ပါတယ်။