တပ် မဲဆန္ဒနယ်မြေတွေ မှာ ရွေးကောက်ပွဲ စောင့်ကြည်ဖို့ အီးယူကို ခွင့်ပြု


2015.10.20
eu-election-observation-622.jpg အီးယူ ရွေးကောက်ပွဲလေ့လာရေးမှူးချုပ် Mr Lambosdorff (အလယ်)ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ၂၀၁၅ အောက်တိုဘာလ ၂၀ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: RFA

တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေမှာရှိတဲ့  မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဥရောပသမဂ္ဂ အီးယူရွေးကောက်ပွဲလေ့လာရေးအဖွဲ့ကို ခွင့်ပြုလိုက်ပါတယ်။

မနေ့က နေပြည်တော်မှာ အီးယူရွေးကောက်ပွဲလေ့လာရေးအဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံရာမှာ သဘော တူညီမှုရခဲ့တာလို့ ဒီကနေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အီးယူ ရွေးကောက်ပွဲလေ့လာရေးမှူးချုပ် Alexander Graf Lambsdorff က ပြောပါတယ်။

"တပ်မတော်ရဲ့အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့နေရာတွေမှအပ တပ်မတော် မဲဆန္ဒနယ်မြေတွေမှာ အီးယူ အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့ မိမိတို့အဖွဲ့နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံရာမှာ သဘောတူညီမှုရရှိခဲ့တာ ဖြစ်တယ်လို့ အီးယူ ရွေးကောက်ပွဲလေ့လာရေးမှူးချုပ် Mr Lambosdorff က ပြောသွား တာဖြစ်ပါတယ်"

အီးယူအဖွဲ့အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်နိုင်ငံရေးပါတီ အနိုင်ရတာက အရေးမကြီးဘဲ စစ်မှန်မှု ဘက်မလိုက်မှုနဲ့ ပွင့်လင်းမြင်သာရှိမရှိဆိုတာတွေ ကိုသာ အလေးထား စောင့်ကြည့်သွားမယ်လို့လည်း ပြော ပါတယ်။

ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့လုပ်ငန်းစဉ်တွေဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတာတွေ ကို အီးယူအနေနဲ့ တွေ့ရှိခဲ့ရင်တောင် ရွေးကောက်ပွဲလမ်းကြောင်းအပေါ်ဖိအားပေး တောင်းဆိုသွားမှာမဟုတ်ဘူး လို့လည်းပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ အီးယူအဖွဲ့အနေနဲ့ တိုင်းရင်းသားလူနည်းစုတွေ နေထိုင်တဲ့ မဲဆန္ဒနယ်မြေတွေအပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၄ ခုလုံးမှာ လူအင်အား ၁၅ဝ နဲ့ စောင့်ကြည့်လေ့လာသွားမှာ ဖြစ်သလို ရွေးကောက်ပွဲ ပြီး နောက်မှာ အစီအရင်ခံစာတစ်စောင်ထုတ်ပြန်သွားမှာလည်း ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။