နာဂ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၅ ဦးကိုဖမ်းဆီး


2019.03.28
nscn-k-622.jpg မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲခံရတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K အဖွဲ့က ဦးစောထင်၊ ဒုဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်နဲ့ ဥက္ကဋ္ဌ ဦးအန်ကန့် တို့ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလကတွေ့ရစဉ်
Photo: MOI

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K အဖွဲ့က ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးကို တပ်မတော်က မတရားအသင်း အက်ဥပဒေ ၁၇ (၁)နဲ့ ခန္တီးရဲစခန်းမှာ အမှုဖွင့်ပြီး ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နေ့က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K  အဖွဲ့ရဲ့ ငြိမ်းချမ်းဖော်ဆောင်ရေးကော် မတီ ဥက္ကဋ္ဌ ဦးအန်ကန့်၊ ဒုဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်၊ ဦးအန်းမိုင် ဦးစောထင်နဲ့ ဦးအောင်ဆိုင်းတို့ ၅ ဦးကို မတရားသင်း အက်ဥပဒေ ၁၇ (၁) နဲ့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်လေးက နာဂအဖွဲ့တွေကို အမှုဖွင့် ဖမ်းဆီးထားကြောင်းနဲ့ အသေးစိတ်ကို ခန္တီးမြို့မ ရဲစခန်းကို မေးမြန်းဖို့ ပြောဆိုတာကြောင့် ဆက်သွယ်ရာမှာ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

NSCN-K အဖွဲ့ဟာ အိန္ဒိယအစိုးရကိုပုန်ကန်နေတဲ့ အာသံနဲ့ ကသည်းအဖွ့ဲတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေ တာကြောင့် အခုလို အရေးယူတာလို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးသန်းနိုင်က RFA ကို ပြောပါတယ်။

"တိုင်းဒေသကြီး အစိုးရနဲ့ ပဏာမငြိမ်းချမ်းရေး လုပ်ထားတဲ့စာချုပ်ပါ အချက်တွေအပေါ်မှာ ဖောက်ဖျက် တာပေါ့ဗျာ။ အဓိကအားဖြင့်တော့ အန္ဒိယကိုဆန့်ကျင်နေတဲ့ အာသံ ကသည်း လက်နက်ကိုင်တွေနဲ့ စစ်ရေးအရ ပူပေါင်းဆောင်ရွက်မှုတွေရှိလို့ပါ။ အဲဒါလေးနဲ့ ငြိစွန်းတဲ့အတွက် အရေးယူဆောင်ရွက်ရခြင်းဖြစ်ပါတယ်"

တပ်မတော်က ခန္တီးမြို့မှာ  ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးရှိတယ်ဆိုပြီး  NSCN-K အဖွဲ့က ခေါင်းဆောင် ၁၀ ဦးကို ဖိတ်ကြားပြီး   မတ်လ ၉ ရက်နေ့ကတည်းက ခလရ (၅၂) မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ အမည်မဖော် လို့တဲ့ နာဂအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နေ့မှာတော့ တပ်မတော်က တရားလိုလုပ်ပြီး ခန္တီးမြို့ရဲစခန်းမှာ ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုလိုက်တာလို ပြောပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးသန်းနိုင် ကို မေးမြန်းရာမှာတော့ သူတို့အနေနဲ့ ခေါ်ယူတွေ့ဆုံတာတွေ မရှိဘူးလို့ ပြောပါတယ်။

ဒီလိုဖမ်းဆီးလိုက်တာဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ယုံကြည်မှု ပျက်ပြားစေပြီး ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ အမည်မဖော်လိုတဲ့ NSCN-K အဖွဲ့နဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။

"နဂိုထဲကိုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တပ်မတော်ကြားမှာ သံသယတွေများနေတဲ့ အတွက်ကြောင့်မို့လို့၊ သံသယတွေထဲမှာ ယုံကြည်မှုတွေ တည်ဆောက်နေကြတဲ့အချိန်မှာ ဒီလိုမျိုး ထပ်ပြီး ထိန်းသိမ်း လိုက်တော့၊ ဖမ်းဆီးလိုက်တော့ တော်တော်ကြီးကိုမှ ရှေ့ဆက်ပြီးတော့ ဒီငြိမ်းချမ်းရေးကိစ္စဆိုတာက ဘယ်လိုပြောရမှန်းကို မပြောတတ်တော့ပါဘူး ။ ဒါအက်ကြောင်းကြီးက တော်တော်ကြီးကို ကြီးသွားပြီ။ တော်တော်လေး ခက်ခဲတော့မှာပါ။"

စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာအနီးတဝိုက်က နာဂအမျိုးသား ဆိုရှယ် လစ်ကောင်စီ NSCN-K စခန်းအနီးမှာ အာသံနဲ့ ကသည်းတပ်ဖွဲ့ဝင်တွေဟာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီအဖွဲ့ ယောင်ဆောင်ကာ စစ်သင်တန်းတွေ ဖွင့်လှစ်ထားတဲ့ မသင်္ကာစရာ အထောက်အထားတွေရှိတယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် NSCN-K အဖွဲ့စခန်းတွေကို တပ်မတော်က ဝင်ရောက်သိမ်းယူခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အိန္ဒိကအစိုးရကို ပုန်ကန်နေတဲ့ အာသံနဲ့ ကသည်းလက်နက်ကိုင်တွေဟာ နာဂဒေသ တစ်ခုတည်းမှာမဟုတ်ဘဲ အခြားနေရာတွေမှာပါရှိပြီး အခုလိုခေါင်းစဉ်တပ်တာဟာ NSCN-K အဖွဲ့ကို ထွက်ပေါက်မပေးဘဲ အကြပ်ကိုင် သလိုဖြစ်နေတယ်လို့ NSCN-K နဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။

"အာသံ ကသည်းတွေက နာဂဒေတစ်ခုထဲမှာတင်မဟုတ်ဘူး၊ သိရသလောက်ကတော့ တမူးတို့ ကလေးတို့ စတဲ့ နေရာဒေသအသီးသီးမှာ လှုပ်ရှားသွားလာနေတယ်လို့သာ သိရတယ်လေ ဆိုတဲ့အခါ ဒေသခံတွေကလည်း သိထားကြတာပဲ။ ဒါလဲပဲ တပ်မတော်နဲ့ အစိုးရတွေက သိပြီးသားဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ လုံခြုံရေးကို နေ့ ည မပျက်စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်တွေက၊ သူကခေါင်းစဉ်တပ်ပြီးတော့ ဒီလိုမျိုးချောင်ပိတ်ရိုက်တဲ့ပုံစံမျိုးဖြစ်တော့ ယုံကြည်မှုတွေကတော့ တော်တော်ကြီးကို ပျက်စီးသွားတယ်ပေါ့ဗျာ"

NSCN-K အဖွဲ့ဟာ မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့မဟုတ်ဘဲ ၂၀၁၂ ခုနှစ်မှာ တိုင်းဒေသကြီးအဆင့် အပစ်ရပ်စဲရေး လက်မှတ်ထိုး ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။