NSCN-K အဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား
နာဂအမျိုးဆိုရှယ်လစ်ကောင်စီ NSCN-K နဲ့ အစိုးရတပ်မတော်တို့ မေလ ၁၇ ရက်နေ့က မြန်မာ-အိန္ဒိယ နယ်စပ် စစ်ကိုင်းတိုင်း လဟယ်မြို့ အနောက်ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
-
2019-05-20 -
-
-
Your browser doesn’t support HTML5 audio
နာဂအမျိုးဆိုရှယ်လစ်ကောင်စီ NSCN-K နဲ့ အစိုးရတပ်မတော်တို့ မေလ ၁၇ ရက်နေ့က မြန်မာ-အိန္ဒိယ နယ်စပ် စစ်ကိုင်းတိုင်း လဟယ်မြို့ အနောက်ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီဒေသဖက်မှာ တပ်မတော် စစ်ကြောင်းသွားလာရင်း ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားကြတာလို့ နာဂအမျိုးသားရေးရာကောင်စီရဲ့ ယာယီ ဥက္ကဋ္ဌ ဦးနော်ဆန်းအောင် က ပြောပါတယ်။
NSCN-K အဖွဲ့ဟာ အစိုးရနဲ့ တိုင်းဒေသကြီးအဆင့် အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး အာသံကသဲသူပုန်တွေကို လက်နက်သင်တန်းတွေပေးတာ၊ လူတွေစုစည်းပေးတာ တွေလုပ်ဆောင်တာ တွေရှိခဲ့တယ်လို့ အစိုးရဖက်က စွပ်စွဲထားပါတယ်။
ဒါကြောင့် NSCN-K ခေါင်းဆောင် ငါးဦးနဲ့ အရာရှိ ခြောက်ဦးတို့ကိုလည်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးအမှုဖွင့်ထားသလို ကသည်းလူမျိုး ၂၄ ဦး တို့ကိုလည်း ၁၇ (၁) နဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန်းနိုင်ကို RFA က ဆက်သွယ်မေးမြန်းရာ တကားဒေသဖက် နယ်မြေရှင်းလင်းရင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း NSCN-K တပ်ဖွဲ့ဟာ တိုင်းဒေသကြီးအဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်သဘောတူညီချက်တွေကို ဖောက်ဖျက်တာတွေကြောင့် NSCN-K ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။