ပျောက်နေတဲ့ ဈေးသည်သုံးဦးကို AA သတ်ကြောင်း တပ်မတော်စွပ်စွဲ
2020.01.16

ရခိုင်ပြည်နယ်အတွင်း ၂၀၀၆ ခုနှစ်လောက်တည်းက လူအသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ မိုးကာ၊ သံသေတ္တာ၊ ဘက်ထရီ၊ ဆိုလာ စတဲ့ပစ္စည်းတွေ လိုက်လံရောင်းချတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်က ဈေးသည် သုံးဦးတို့ ပျောက်ဆုံးတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး AA တပ်ဖွဲ့က သတ်လိုက်တာလို့ တပ်မတော်ဘက်က စွပ်စွဲလိုက်ပါတယ်။
ဈေးသည်တွေဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ကျောက်ရစ်ကေရပ်ကွက်က ဦးအောင်ထွန်းကျော်ရဲ့ နေအိမ်မှာ ငှားရမ်းနေထိုင်သူတွေဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မြောက်ဦးမြို့နယ် အောက်သားကန်ရွာနဲ့ ဗျိုင်းတောင်ခြေရွာဘက်က မှာထားတဲ့ပစ္စည်းတွေကို သွားပို့ကြတာလို့ သိရပါတယ်။
အဲဒီဈေးသည်တွေထဲက ပစ္စည်းသွားပို့တဲ့ မောင်မျိုးထိုက်ဝင်းကို သွားရှာသူ နှစ်ဦးဖြစ်တဲ့ ဦးစိုးနိုင်နဲ့ မောင်ရာဇာ ထွန်း တို့လည်း ပျောက်ဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။
ဗီဒီယိုဖိုင်မှာ ပါဝင်တဲ့အတွက် မြောက်ဦးမြို့နယ် မကြားရွာအဝင်လမ်းမှာ AA အကြမ်းဖက်အဖွဲ့က ညှဉ်းပန်း နှိပ်စက်မှုကြောင့် နှစ်ဦးစုလုံး သေဆုံးသွားတာဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ယက်မှာ တက်လာတဲ့ဗီဒီယိုဖိုင်မှာ ရိုက်နှက်ခံနေရတဲ့ လူနှစ်ဦးဟာ ဦးစိုးနိုင်နဲ့ မောင်ရာဇာထွန်း တို့ဖြစ်ကြောင်း၊ ရက္ခိုင့်တပ်တော် AA အနေနဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တာ ဒီနေ့အထိ ၂၉ ဦးရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ငြင်းဆိုထားပါတယ်။
အခုလိုပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက တိမ်ညိုရဲစခန်းကို ပျောက်ဆုံးသွားတဲ့အချိန်ကတည်းက အကြောင်းကြားထားပြီး ၁ နှစ်နီးပါးလောက်ရှိနေပြီလို့ ပြောပါတယ်။
မိသားစုဝင်တွေရဲ့နာမည်ကိုတော့ လုံခြုံရေးအရ RFA အနေနဲ့ ဖော်ပြခြင်းမပြုတာပါ။ ပျောက်ဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေဟာ ဈေးရောင်းဈေးဝယ်သာလုပ်ကိုင်ကြတာဖြစ်တယ်လို့ ပြောပါတယ်။
ခုလို တည်ငြိမ်မှုမရှိတဲ့ ရခိုင်ပြည်နယ်ထဲမှာ နောက်ထပ်ဈေးရောင်းဝယ်တာတွေ လုပ်တော့မှာ မဟုတ်သလို ရခိုင်ပြည်နယ်ကိုလည်း အမြန်ဆုံးငြိမ်းချမ်းစေချင်တယ်လို့ ပြောပါတယ်။
သူတို့ သုံးဦးကိုလည်း AA အဖွဲ့က သတ်လိုက်တာဖြစ်နိုင်တယ်လို့လည်း မိသားစုဝင်တွေက ယုံကြည်နေကြ ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင်း ၂၀၁၉ ခုနှစ်အတွင်း စစ်ဘေး ဒုက္ခသည် ၁ သိန်းကျော်ရှိခဲ့ပြီး သေဆုံးသူ ၉၀ ဝန်းကျင်နဲ့ ဒဏ်ရာရသူ ၁၈၀ ကျော်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အရပ်ဘက် အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။