ကားသမားတွေရဲ့ ပိုက်ဆံနဲ့ ဖုန်းတွေကို လက်နက်ကိုင် အဖွဲ့တစ်ခု တောင်းယူ


2017.03.16
shan-state-truck-620.jpg ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာကျေးရွာအကြား နမ့်ကွတ်ကျေးရွာအထက်မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ကားကြီးတွေရဲ့ ဘီးတွေကို သေနတ် နဲ့ ပစ်ဖောက်သွားတာကြောင့် မတ်လ ၁၆ ရက်နေ့က လမ်းပိတ်ဆို့မှု ဖြစ်နေစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာနဲ့ မူဆယ်ကြားက ခိုမုန်းရွာနဲ့ ပန်ကိုင်ရွာအနီးမှာ ဒီနေ့မနက် ၄ နာရီလောက်က လက်နက်ကိုင်အဖွဲ့တချို့က ကားတွေကို တားဆီးပြီး ကားသမားတွေဆီက ငွေကြေးနဲ့ ဖုန်းတွေတောင်းယူပြီး ကားဘီးတွေကို သေနတ်နဲ့ ပစ်ဖောက်သွားတယ်လို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

ခရီးသည်တင်ကားနဲ့ ဖရဲသီးတင် ကုန်တင်ကား စုစုပေါင်း ၆ စီးကို တားဆီးကာ လမ်းလယ်မှာ ကန့်လန့်ခံရပ်ခိုင်းပြီး ကားဘီးနဲ့ ကားကိုယ်ထည်တွေကို သေနတ်နဲ့ပစ်ကာ ကားသော့တွေကိုလည်း ယူဆောင်သွားတယ်လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

"ကားဘီးလေအိတ်ကို ဖောက်ပြီးတော့မှ ခိုမုန်းကျေးရွာဆိုင်းဘုတ်နားမှာ ကန့်လန့်ဖြတ်ခံထားတာပေါ့ ၊ ယာဉ်ကြီး ၆ စီးကို လမ်းပိတ်ဆို့ ကန့်လန့်ဖြတ်ခံထားတယ်။ ဖရဲသီးတင်တဲ့ကားတွေလည်း ဘီးတွေဖောက် ပစ်တာပေါ့၊ ကားသမားတွေကိုတော့ ဘာမှမလုပ်ဘူး၊ အဓိကကသူတို့ ပါသွားတဲ့ ပိုက်ဆံတို့ ဖုန်းတို့ယူတယ်၊ မြောက်ပိုင်း မဟာမိတ်ပူးပေါင်း သောင်းကျန်းသူ အဖွဲ့အနေနဲ့လို့ သိရတယ်၊ မနက် ၄ နာရီကဖြစ်တာ မနက် ကိုးနာရီလောက် မှာ လမ်းပွင့်သွားတယ်"

ဒေသအာဏာပိုင်တွေဘက်က ဒီလုပ်ရပ်ဟာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေရဲ့ လက်ချက်လို့ စွပ်စွဲပါတယ်။

ဒါပေမဲ့ မတ်လ ၁၄ ရက်နေ့ကစပြီး အဲဒီဒေသမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ဗိုလ်မှူး တာအိုက်ကျော်ကတော့ အခုလုပ် ရပ်တွေဟာ သူတို့ TNLA ရဲ့ လက်ချက်မဟုတ်ဘူးလို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ ခရီးသွားတွေရဲ့ လုံခြုံရေးအတွက် ကားတွေကို တားဆီးထားတာရှိပေမယ့် ငွေကြေးတောင်း ခံတာမရှိဘူးလို့  TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော်က ပြောပါတယ်။

"ငွေတောင်းတာတော့ မရှိဘူး။ လူထုအောက်ခြေအထိ မေးလို့ရတယ်။ တစ်ခါတလေ အဲဒီက အယောင်ဆောင် လည်း ရှိတက်တယ်။ မြန်မာ့တပ်မတော်လည်း တောင်းတာရှိတယ်။ ကျနော်တို့ ဝတ်စုံဝတ်ပြီးမှ တောင်းတာ အဲလိုမျိုးတွေလည်းရှိတယ်။ ကျနော်တို့တပ်ဖွဲ့တွေအနေနဲ့ ကောက်ခံ တာတော့မရှိဘူး။ တိုက်ပွဲဖြစ်နေလို့ရှိရင် ကားကိုခဏပိတ်ထားတာပဲရှိတယ်။ တိုက်ပွဲအတွင်းမိမှာစိုးလို့။ သူတို့ရဲ့ လုံခြုံရေးအတွက်ပါ"

ကားတွေကို ငွေကြေးတောင်းခံမှုတွေဟာ မတ်လ ၁၄ ရက်နေ့ကစတင် ဖြစ်ပွားနေတာဖြစ်ပြီး မနေ့ကလည်း ကွတ်ခိုင်မြို့နဲ့နမ့်ဖတ်ကာကျေးရွာအကြားက နမ့်ကွတ်ကျေးရွာအနီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ကုန်စည်တင်ယာဉ်တွေနဲ့ ခရီးသွားတွေဆီကနေ ငွေကြေးကောက်ခံတာ၊ လက်ကိုင်ဖုန်းတွေ ယူဆောင်တွေ ရှိခဲ့တယ်လို့ ခရီးသွားတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။