တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ နီးစပ်လာပြီလို့ ဦးနိုင်ဟံသာ ပြောကြား
2014.01.21

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်နယ်မြေ လော်ခီးလာခေါ် လေးဝါးဒေသမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးရဲ့ ညီလာခံ ဒုတိယမြောက်နေ့မှာ အဲဒီညီလာခံ ပြောခွင့်ရပုဂ္ဂိုလ် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက အခုလိုပြောပါတယ်။
“ကျနော်တို့ဘက်က အတတ်နိုင်ဆုံး၊ အလိုက်လျောနိုင်ဆုံး ညှိနှိုင်းလုပ်ဆောင်ပေးနေပါတယ်။ ဒီအစိုးရဘက်ကပေါ့ဗျာ.. ဒီ.. သမ္မတကြီးရော၊ ဦးအောင်မင်းတို့ရော သူတို့လည်း တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို တော်တော်လေး လိုလားနေတဲ့ပုံပေါ်တယ်။ ဒါကြောင့် သူတို့ အဝန်းအဝိုင်းက အဲလို ဆန္ဒရှိမယ်ဆိုရင်ပေါ့ဗျာ၊ ဒါကတော့ ဖြစ်နိုင်မယ်လို့တော့ ကျနော်ယုံကြည်တယ်။”
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးရင် အပစ်ခတ်ရပ်စဲရေး တည်တံ့ဖို့အတွက် အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးကော်မတီတွေကိုလည်း ဖွဲ့စည်းသွားဖို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ မူကြမ်းထဲမှာ ထည့်သွင်းရေးဆွဲထားကြောင်းလည်း သိရပါတယ်။
အဲဒီလိုဖွဲ့မယ်ဆိုရင် အများကယုံကြည်နိုင်မယ့် ဂုဏ်သိက္ခာရှိတဲ့ လူပုဂ္ဂိုလ်တွေ ၊ နိုင်ငံရေးအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေအပြင် နိုင်ငံတကာက အတွေ့အကြုံရှိတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ထည့်သွင်းဖွဲ့စည်းသွားဖို့ လျာထားကြောင်းလည်း ဦးနိုင်ဟံသာက ပြောပါတယ်။
ညီလာခံနောက်ဆုံးနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် အပြီးသတ်မူကြမ်းတစ်ခု ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
လာမယ့် ဖေဖေါ်ဝါရီလထဲမှာ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နှစ်ဘက်ညှိနှိုင်းရမှာဖြစ်ပြီး အားလုံးလက်ခံမယ့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုကို ရအောင်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။
ဦးနိုင်ဟံသာကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် ဒီကနေ့ ညီလာခံခေတ္တ ရပ်နားစဉ် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။