ငလျင်ကြောင့် စေတီပုထိုးနဲ့ စာသင်ကျောင်းတချို့ ပျက်စီး
2016.04.14

မနေ့ကညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ ငလျင်လှုပ်ခဲ့ရာမှာ စေတီပုထိုးတွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ငလျင်ကြောင့် လူတွေထိခိုက်မှုတွေမရှိဘဲ ကနီ၊ ယင်းမာပင်၊ ချောင်းဦးနဲ့ အလုံမြို့တွေမှာ ပျက်စီးဆုံး ရှုံးတာတွေ ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။
"ကျနော်တို့ကတော့ ၆.၈ ဝန်းကျင်မှာရှိတယ်လို့ သိရပါတယ်ခင်ဗျာ၊ လှုပ်တာကတော့ တော်တော်လေးကိုလှုပ်ပါ တယ်၊ ယင်းမာပင်ဘက်မှာဆိုရင် စေတီငါးဆူ ထီးတော်ခတာတွေ အက်ကွဲတာတွေဖြစ်ပါတယ်ခင်ဗျာ၊ နောက် ဒီဘက်ချောင်းဦးဘက်မှာလည်း စေတီနှစ်ဆူလောက်ဖြစ်ပါတယ်ခင်ဗျ"
လက်ရှိမှာ ပျက်စီးဆုံးရံှူးမှုစာရင်းတွေကို မြေပြင်မှာ စာရင်းကောက်ခံနေပြီး ပြန်လည်တည်ဆောက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
မနေ့ကညပိုင်းလှုပ်ခဲ့တဲ့ငလျင်ဟာ ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိခဲ့ပြီး နောက်ဆက်တွဲ ငလျင်တွေ ထပ်လှုပ်လာရင် သတိထားနေထိုင်ကြဖို့အတွက်လည်း နှိုးဆော်ထားတယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ အခုနှစ်ပိုင်းအတွင်းမှာ ငလျင်တွေ မကြာခဏလှုပ်ခတ်ခဲ့ပါတယ်။