လူကုန်ကူးမှု ပညာပေးပွဲတော် မဲဆောက်မှာကျင်းပ
2013.11.24
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပိုင် ရုံးဝင်းအတွင်းမှာ MTV EXITရဲ့ Roadshow အစီအစဉ်နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ပွဲတော်တစ်ရပ်ကို ဒေသတွင်း တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နိုဝင်ဘာလ ၂၄ရက်နေ့ ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။
ဒီ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးပွဲတော် ကျင်းပရတာနဲ့ ပတ်သက်လို့ ပွဲတော်အခမ်းအနားကို တက်ရောက်လာတဲ့ တပ်ခ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဇုရီဝမ် စိုင်စီထောင်က “ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့အတွက် မြန်မာအမြောက်အများ ထိုင်းနိုင်ငံတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်တဲ့နေရာဖြစ်သလို၊ ဝင်ရောက်လာတဲ့ အလုပ်သမားတွေ ရောင်းစားခံရတာ၊ အလုပ်ရှာဖွေဖို့ သွားလာရင်း တစ်ယောက်နဲ့ တစ်ယောက် လိမ်လည်ပြီးတော့ လူကုန်ကူးခံရတာတွေ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက အမြောက်အများ ဖြစ်ပေါ်နေခဲ့တဲ့ နေရာလည်းဖြစ်တာကြောင့် အခုလို လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးပွဲတော် ကျင်းပပေးတာပါ” လို့ ပြောကြားခဲ့ပါတယ်။
ပွဲတော်လာရောက်သူတွေကို MTV EXIT အဖွဲ့က ရိုက်ကူးထားတဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှုဖြစ်စဉ်မှတ်တမ်း ဗွီဒီယိုတွေပြသပြီး၊ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အမေးအဖြေ အစီအစဉ်တွေ၊ လူကုန်ကူးမှုပညာပေး ပန်းချီကာတွန်းတွေ သရုပ်ဖေါ်အစီအစဉ်တွေ၊ ပညာပေး ပြဇာတ်အစီအစဉ်တွေအပါအဝင်၊ ထိုင်း-မြန်မာ စတိတ်ရှိုးတွေနဲ့ အသိပညာပေးဆောင်ရွက်ခဲ့ကြပါတယ်။ ဒီပွဲတော်ကို မဲဆောက်ဒေသတွင်း မြန်မာစာသင်ကျောင်းတွေက ကလေးငယ်တွေနဲ့ စိတ်ဝင်စားသူ ၂ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ပွဲတော်ဖြစ်မြောက်ဖို့အတွက် မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့အပါအဝင် Australian Aid၊ World Vision၊ ILO၊ IOM၊ IRC ၊ FED စတဲ့ ဒေသတွင်းအခြေစိုက် အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။