မဲမပေးပဲနေပိုင်ခွင့် ပိုစတာများ ရန်ကုန်မှာကပ်
ရွေးကောက်ပွဲ ကော်မရှင်ကနေ မဲဆန္ဒနယ်မြေ စာရင်းတွေ သြဂုတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်ပြီးလို့ နာရီပိုင်းအတွင်းမှာပဲ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့ဝင်တွေနဲ့ တက်ကြွသူ လူငယ်တချို့က ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ မဲမပေးပဲနေပိုင်ခွင့်ရှိတယ်ဆိုတဲ့ အသိပေး ပိုစတာတွေ လိုက်ပြီး ကပ်ခဲ့ကြပါတယ်။
-
2010-08-13 -
-
-
ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ စစ်အစိုးရ ကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိသလို မဲမပေးပဲလည်း နေခွင့်ရှိတယ်ဆိုတဲ့ စာတမ်းနဲ့ အောက်ဖက်မှာ မဲမပေးရန်အတွက် ရည်ရွယ်သည်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါ ပိုစတာပေါ်မှာ ရေးပြီး လိုက်ကပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ဘုရင့်နောင် ဆိုတဲ့ မြို့နယ်တွေနဲ့ လူစည်ကားတဲ့ ယုဇနပလာဇာ၊ ဒဂုံစင်တာစတဲ့ နေရာတွေမှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။လမ်းဘေးအုတ်ခုံတွေမှာ၊ ဓာတ်တိုင်တွေ သောက်ရေအိုးစဉ်တွေနဲ့ အရောင်းကုန်တိုက်တွေရဲ့ ကားရပ်နားတဲ့ နေရာတွေ နောက်ပြီး ခရီးသည်တင် ဘတ်စ်ကားတွေပေါ်မှာ လိုက်ကပ်ခဲ့တယ်လို့ မျိုးဆက်သစ် လူငယ်များအစည်းအရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက ပြောပါတယ်။
“လူတွေ တော်တော်များများက ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဝေဝါးတဲ့ အသိတွေ ရှိနေတယ်၊ ဥပမာ ဆိုလို့ ရှိရင် ဘယ်သူ့ကို မဲပေးရမလဲ မသိဘူးဆိုတဲ့ ပုံစံမျိုးတွေ ပြီးတော့ အကုန်လုံး သိနေကြတဲ့အတိုင်းပဲ လုံးဝကို မျှတမှု မရှိတဲ့ ရွေးကောက်ပွဲတခု ပြီးတော့လည်း ကျနော်တို့အတွက်လည်း ဘာမှ အာမခံချက် မပေးနိုင်တဲ့ ရွေးကောက်ပွဲတခု၊ ပြီးတော့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံထဲမှာ ပါတဲ့ အချက်တွေကလည်း ဘာမှကို တဖက်သတ်ကြီး ရေးဆွဲထားတဲ့ ပုံစံမျိုးဖြစ်နေတယ်၊ အဲ့ဒါကြောင့်မိုလို့ ကျနော်တို့ ပြည်သူတွေကိုလည်း အဲလိုမျိုး သိစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီလိုမျိုး လုပ်နေပါတယ်။”
ကပ်သွားတဲ့ ပိုစတာတွေကို အာဏာပိုင်တွေက လိုက်ခွာနေပေမဲ့ တချို့ နေရာတွေမှာ ခုထိ ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့ဝင်တွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေအကြား အသိပညာပေးတဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီး တိုးချဲ့ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ပြောဆိုပါတယ်။