ပြည်ထဲရေးကို တိုင်ကြားမှု အများဆုံးဖြစ်


2018.01.06
anti-corruption-commission-622 အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင် ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားမှုတွေထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက် ချက်တွေအပေါ် တိုင်ကြားမှု အများဆုံးဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စာတမ်းဖတ်ပွဲနဲ့ပတ်သက်ပြီး ဒီနေ့ သတင်းမီဒီယာသမားတွေနဲ့ တေ့ွဆုံရှင်းလင်းပွဲမှာ ဒေါ်လဲ့လဲ့သွင်က ပြောခဲ့တာဖြစ်ပါတယ်။

"တိုင်စာတွေနဲ့ပတ်သက်ပြီး အများဆုံးအားဖြင့်တော့ ပြည်ထဲရေးဝန်ကြီးဌာန တအားပဲများတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်တဲ့ မကျေနပ်ချက်တွေ၊ တိုင်ကြားစာတွေတော့ များပါတယ်ရှင့်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျမတို့က အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်၊ အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်တဲ့ အမှုတွေဖြစ် တာကြောင့် သူတို့တွေကိုပဲ ပြန်လွှဲပေးပါတယ်။ လွှဲပေးပြီးရင်လည်း သူတို့ဘာလုပ်ထားသလဲဆိုတာကို ကျမတို့ပြန်ပြီး တောင်းပါတယ်"

စာတမ်းဖတ်ပွဲကို လာမယ့် ဇန်နဝါရီလ ၂၂ ရက် နဲ့ ၂၃ ရက်နေ့တို့မှာ ကျင်းပမှာဖြစ်ပြီး စီးပွားရေးပညာရှင် ဦးမြင့်နဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ပါဝင်မှာဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်မှာ စတင်ပြဌာန်းခဲ့ပြီး စတုတ္ထအကြိမ် ပြင်ဆင်မယ့် ဥပဒေကြမ်းကို သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ မကြာခင်တင်ပြသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။

စတုတ္ထအကြိမ် ပြင်ဆင်မယ့်ဥပဒေကြမ်းမှာ အဂတိလိုက်စားတာကို အားပေးသူ၊ ကူညီသူတွေကိုပါ အရေးယူလို့ ရအောင် ပြင်ဆင်မှာဖြစ်သလို ဥပဒေခိုင်မာဖို့နဲ့ ကော်မရှင် အလုပ်လုပ်လို့ရအောင်လည်း ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည် ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အသစ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖွဲ့စည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။