NLD ကိုယ်စားလှယ်တချို့ အဂတိလိုက်စားမှုနဲ့ တိုင်ကြား ခံရတဲ့အတွက် သတိပေးအရေးယူ

အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံရတဲ့ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အချို့ကို ပါတီတွင်း သတိပေးအရေးယူတာတွေ ပြုလုပ်ထားတယ်လို့ ပါတီတိုင်ကြားစာစိစစ်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မျိုးညွန့် က ပြောပါတယ်။

ဗိုလ်တထောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုးကို တွေ့ရစဉ် Photo: May Soe's Facebook

အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံရတဲ့ NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်အချို့ကို ပါတီတွင်း သတိပေးအရေး ယူတာတွေ ပြုလုပ်ထားတယ်လို့ ပါတီတိုင်ကြားစာ စိစစ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

တိုင်ကြားစာတွေထဲမှာ အဂတိလိုက်စားမှုနဲ့ပတ်သက်တဲ့ အမှု ၃ ခုလောက်ကို အရေးယူ သတိပေးထားပြီး ကိုယ်စားလှယ်တွေ ကိုယ်တိုင်မပတ်သက်ပေမယ့် သူတို့တာဝန်ပေးထားသူတွေနဲ့ ပတ်သက်တဲ့အတွက် ပါတီ စည်းကမ်း ဖောက်ဖျက်မှုနဲ့ အရေးယူ သတိပေးထားတာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"ကျနော်တို့ ဒီနေရာမှာ အဂတိလိုက်စားမှုနဲ့ ပါတီတွင်း စုံစမ်းစစ်ဆေးရေး မတူဘူးခင်ဗျ။ အဂတိ လိုက်စားမှုကျတော့ ကိုယ်တိုင်ယူတယ်၊ ပြုတယ် ထင်ရှားမှ သူတို့က အရေးယူတယ်။ ပါတီစည်းကမ်း ချိုးဖောက်မှုကျတော့ တာဝန်ရှိမှုအပေါ်မှာပါ ကြည့်ပါတယ်ခင်ဗျ။ သူတို့က တာဝန်ပေးထားတဲ့ သူတစ်ယောက်က မမှန်မကန်လုပ်တယ်ဆိုရင်ကို ကျနော်တို့က ပါတီ စည်းကမ်းအရ အရေးယူပါတယ်"

အရေးယူထားတဲ့အမှုတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် ထုတ်ဖော်ပြောတာတော့ မရှိပါဘူး။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ၂ နှစ်နီးပါးအတွင်းမှာ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက် ပြီး ပါတီကိုတိုင်ကြားတဲ့ အမှုပေါင်း ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

အဲဒီထဲမှာ သက်ဆိုင်ရာမဲဆန္ဒနယ်တွေကို ကွင်းဆင်းလေ့လာခြင်းမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားတဲ့အမှု အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေ အများဆုံး တိုင်ကြား ခံရတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

တိုင်ကြားတဲ့အမှုပေါင်း ၅၀၀ နီးပါးမှာ ပါတီတိုင်ကြားစာ စိစစ်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ အကျုံးဝင်တဲ့အမှု ၂၇၀ လောက်သာရှိပြီး အဲဒီအထဲက အမှု ၂၀၀ ကျော်ကို စိစစ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org