၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် တောင်ကုတ်နဲ့ မြေပုံမြို့နယ်တွေကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်လိုက်ကြပါတယ်။
ဒီနေ့ ပါတီတွင်းရွေးကောက်ပွဲကျင်းပရာမှာ မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံရသူ ဦးဖေသန်းက ပြောပါတယ်။
"အခက်အခဲကတော့မရှိပါဘူး ပါတီကချမှတ်ထားတဲ့ မူအတိုင်းပေါ့နော်၊ အဖွဲ့အစည်းတွေနဲ့ မြို့မိမြို့ဖတွေ ကလည်း သဘာပတိလာလုပ်ကြပါတယ်၊ ပါတီအသီးသီးလည်း ဖိတ်တယ်ဆိုတော့ ပွင့်လင်းမြင်သာမှု ရှိရှိနဲ့လုပ်သွားလို့ ပွဲကတော့ရှောရှောချူချူပဲ ခင်ဗျ၊ ရှုံးတဲ့လူတွေလည်း လက်ခံပါတယ်၊ နိုင်တဲ့လူတွေနဲ့ ရှုံးတဲ့လူတွေလည်း လက်ဆွဲပြီးနှုတ်ဆက်ကြပါတယ်ခင်ဗျ၊ ကျနော်တို့ အားရဝမ်းသာနဲ့ ဒီပွဲကပြီးသွားတယ် လို့ ပြောပါရစေခင်ဗျ"
မြေပုံမြို့နယ်ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမျိုးသားလွှတ်တော်အတွက် ဦးအေးသာအောင် ကိုရွေးချယ်ပြီး ၊ ပြည်သူ့လွှတ်တော်အတွက် ဦးဖေသန်း၊ ဦးအောင်ဝင်းနဲ့ ဦးမြသန်းတို့က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် ပါတီတွင်းရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံခဲ့ရတာဖြစ်ပါတယ်။
အလားတူ တောင်ကုတ်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးတင်ညို၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်ဦးမျိုးဆွေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးခင်မောင်နဲ့ ဦးဖေကြွယ်တို့ ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။
ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးကို ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော မြို့နယ်တို့မှာလည်း ရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။