ဒေါက်တာအေးမောင်ကို နုတ်ထွက်ခွင့်မပြုဖို့ ANP အစည်းအဝေးမှာ တင်ပြ
2018.01.04

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုကော်မတီအစည်းအဝေးကို စစ်တွေမြို့မှာ ရှိတဲ့ ပါတီဗဟိုဌာနချုပ်ရုံးမှာ ဒီနေ့ စတင်ကျင်းပနေပြီး တက်ရောက်လာတဲ့ မြို့နယ်ကိုယ်စားလှယ်တွေက ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကို ပါတီကနေ နုတ်ထွက်ခွင့်မပြုဖို့ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ဖို့အတွက် နှုတ်ထွက်ခွင့်တင်ထားတဲ့ ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကို ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်လာခြင်းမရှိဘူးလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။
"ပါတီဥက္ကဌကြီးအနေနဲ့ အဆောတလျင် ဆုံးဖြတ်ချက်မချသင့်ဘူး၊ ပါတီကို ဆက်လက်ပြီး ပူးပေါင်းပါဝင်ပြီးတော့မှ ဦးဆောင်မှုပေးသင့်တယ်၊ တကယ်လို့ နုတ်ထွက်တယ်ဆိုတဲ့ အပိုင်းအပေါ်မှာလည်း အခြေအနေ အတိုင်းအတာ တစ်ခုအထိ စဉ်းစားသုံးသပ်ဖို့အတွက် အချိန်ပေးသင့်တယ်ဆိုတဲ့ ဆွေးနွေးချက်တွေ မြို့နယ်တွေကတက်လာ တာကို ကျနော်တို့ တွေ့ရပါတယ်ခင်ဗျ၊ ကျနော်တို့ပါတီရဲ့ ရုံးအဖွဲ့မှူးကိုယ်တိုင် ဒီအစည်းအဝေးကို တက်ရောက်ဖို့ အတွက် ပါတီဥက္ကဌကြီးကို ကိုယ်တိုင်ဖိတ်စာ လက်ရောက်အပ်ခဲ့ပါတယ် ဒါပေမဲ့ ဒီနေ့တော့ ကျနော်တို့ တက်ရောက်တာ မတွေ့ရပါဘူး"
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဥက္ကဌ ဒေါက်တာအေးမောင်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပါတီကနေ နုတ်ထွက်ခွင့် တင်ပြထားတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နှုတ်ထွက်ခွင့်ပြု မပြုဆိုတဲ့ကိစ္စကို ဒီနေ့ စတင်ကျင်းပနေတဲ့ အစည်းအဝေးကနေ ဆုံးဖြတ် သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီနေ့ အစည်းအဝေးမှာ ဧရာဝတီ၊ ရန်ကုန်အပါအဝင် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ပါတီအလုပ်အမှုဆောင် အဖွဲ့တွေက ပါတီတည်ဆောက်ရေးတွေနဲ့ပတ်သက်ပြီး အသီးသီး တင်ပြဆွေးနွေးခဲ့ကြပါတယ်။
မောင်တောမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ကတော့ အကြမ်းဖက်တိုက်ခိုက်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးသွား ကြတဲ့ မွတ်စလင်တွေကို အဆောတလျင် လက်ခံခြင်းမပြုဘဲ စနစ်တကျစိစစ်ပြီးမှ လက်ခံဖို့နဲ့ သူတို့တွေကို တိုင်းရင်းသားကျေးရွာနဲ့ နီးတဲ့နေရာတွေနဲ့ မူလနေရာတွေမှာ ပြန်လည်နေရာချထားခြင်းမပြုဖို့ ထည့်သွင်းအကြံပြု တင်ပြခဲ့ကြပါတယ်။
ဒီနေ့ စတင်ကျင်းပနေတဲ့ ပါတီရဲ့ အစည်းအဝေးကို လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့အထိ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။