ရခိုင်ပြည်နယ် လွှတ်တော်ထဲမှ ANP အမတ်များ ကန့်ကွက်ထွက်ခွာ
2016.03.28

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် NLD ပါတီကိုယ်စားလှယ် ဦးညီပုကို အဆိုပြုထားကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဌ က ဒီနေ့ ကြေညာနေစဉ်မှာ ANP ပါတီလွှတ်တော် ကိုယ်စားလှယ်အားလုံးဟာ အစည်းအဝေးမပြီးခင် ခန်းမထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။
ရခိုင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်း မကျခဲ့တာကြောင့် အဲဒီလို ထွက်ခဲ့တာလို့ ANP ပါတီရဲ့ မြေပုံမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောပါတယ်။
"ကျနော်တို့ အများဆုံးအနိုင်ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီက ဒီမိုကရေစီစနစ်အရဆိုရင်တော့ ကျနော်တို့ ဖွဲ့စည်းနိုင်ရမယ်၊ ဒါပေမဲ့ ဒီကနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာရှိလို့ ဒါကြောင့် ပြည်သူ့ဆန္ဒနဲ့ ဒီမိုကရေစီနစ်နဲ့ ဆန့်ကျင်နေတဲ့အတွက် ဒီကနေ့ ပြည်သူရဲ့ဆန္ဒကို တသားတည်းဖြစ်စေတယ်၊ ပြည်သူရဲ့ လိုအင်ဆန္ဒတွေကို မဖြည့်ဆည်းနိုင်ဘူးဆိုတဲ့ ကဏ္ဍတစ်ခုရယ်၊ ဒီကိစ္စတွေက ပြည်သူလူထုရဲ့ စိတ်ထဲမှာ မကျေနပ်မှုရှိသလို၊ ကျနော်တို့ စိတ်ထဲမှာလည်း ဝမ်းနည်းမိပါတယ်၊ အဲ့ဒါကြောင့် ကျနော်တို့ ဒီကနေ့ အစည်းအဝေးခန်းမကနေ ထွက်လာရခြင်းဖြစ်ပါတယ်"
ဒါ့အပြင် လွှတ်တော်အစည်းအဝေး မစခင်ကတည်းက ANP ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အားလုံးဟာ တိုက်ပုံအင်္ကျီရင်ဘတ်မှာ အနက်ရောင် စတစ်ကာတွေ ကပ်ပြီး၊ ဦးညီပုကို အဆိုပြုတဲ့အတွက် ဝမ်းနည်းကြောင်း သက်သေပြခဲ့ကြပါတယ်။
အဆိုတင်သွင်းခံထားရသူကို ကန့်ကွက်လိုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ခိုင်မာတဲ့ သက်သေအထောက် အထားတွေ တင်ပြပြီး မနက်ဖြန် ကန့်ကွက်လွှာနဲ့အတူ အမည်စာရင်းပေးပို့နိုင်ကြောင်း လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ကြေညာခဲ့ပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်မှာ နေရာအများဆုံးအနိုင်ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီက ပြည်နယ်ဝန်ကြီးချုပ်နေရာ နဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရေးအတွက် စစ်တွေ၊ မြောက်ဦး၊ မောင်တော မြို့တွေမှာ ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒီနေ့လဲ ဘူးသီးတောင်မြို့မှာ ဒေသခံတွေက အလားတူ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို အဆိုပြုခန့်အပ်နိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဝန်ကြီးချုပ် အရည်အချင်းတွေနဲ့ ကိုက်ညီရင် ငြင်းပယ်ခွင့်မရှိပါဘူး။
ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တွေက လွှတ်တော်ခန်းမထဲက ထွက်ခွာသွားတာနဲ့ ပတ်သက်ပြီး ဦးညီပုကို RFA အဖွဲ့သူ မခင်ခင်အိ က ဆက်သွယ်မေးမြန်းထားပါတယ်။