အမ်းမြို့နယ်က ဗျူဟာကုန်းနှစ်ခုကို AA သိမ်းလိုက်ကြောင်း ဒေသခံတွေပြော

RFA Burmese
2024.05.01
အမ်းမြို့နယ်က ဗျူဟာကုန်းနှစ်ခုကို AA သိမ်းလိုက်ကြောင်း ဒေသခံတွေပြော ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Arakan Army

ရခိုင်ပြည်နယ်တောင်ပိုင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့နယ် ဒါးလက်ချောင်းအနီးက စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ စွေ့ချောင်းဗျူဟာကုန်းနဲ့ တောဟိန်းတောင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက မေလ ၁ ရက် ဒီနေ့ပြောပါတယ်။

အဲဒီဗျူဟာကုန်းနှစ်ခုကို မတ်လ ၂၄ ရက်နေ့ကစ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လကျော်အကြာ ဧပြီလ ၂၇ ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာလို့ အမ်းဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီဘက်က အကျအဆုံးတော့များတယ်လို့ပြောတယ်။ ဒါပေမဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရဘူး။ တချို့ကတော့ ၁၅၀ လောက်ကျတယ်လို့လည်း ပြောကြတယ်။ အဲဒီဗျူဟာကုန်းနှစ်ခု သိမ်းလိုက်တာကိုတော့ အတည်ပြုလို့ရတယ်”

စွေ့ချောင်းဗျူဟာကုန်းမှာ စစ်ကောင်စီတပ်အင်အား နှစ်ရာဝန်းကျင်နဲ့ တောဟိန်းတောင်ဗျူဟာကုန်းမှာ အင်အား ခြောက်ရာဝန်းကျင်ရှိကြတာလို့ ဆိုပါတယ်။

စွေ့ချောင်းဗျူဟာကုန်းကျသွားချိန် မျက်နှာချင်းဆိုင် ဒါးလက်ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ တောဟိန်းတောင် ဗျူဟာကုန်းက စစ်ကောင်စီတပ်သားတွေ (နပခ) ဘက်ကို တပ်ဆုတ်သွားတယ်လို့ မြေပြင်က (AA) တပ်ဖွဲ့ဝင်တွေနဲ့ နီစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“စွေ့ချောင်းဗျူဟာကုန်းမှာ ဖြစ်နေတဲ့အချိန်မှာ တောဟိန်းတောင်ဗျူဟာကုန်းမှာရှိတဲ့တပ်က ဆုတ်ဖို့ လမ်းကြောင်းရှင်း ကင်းပုန်းဝပ်နေကြတယ်လို့ သိရတယ်။ စွေ့ချောင်းဗျူဟာကျသွားတာနဲ့ သူတို့က တပ်ဆုတ်တယ်။ အဲဒီကို (AA) က ဖြတ်တိုက်တယ်။ အဲလိုအဲလိုနဲ့ တိုက်ပွဲက ဆက်ဖြစ်နေကြတာ”

ဧပြီလ ၂၈ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာတော့ စစ်ကောင်စီတပ်က အမ်းမြို့မှာရှိတဲ့ (နပခ) တပ်ဌာနချုပ်သို့ လူနဲ့ လက်နက်အင်အား ထပ်မံတိုးချနေတယ်လို့လည်း ဆိုပါတယ်။

ဒေသခံတွေပြောဆိုချက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို (AA) ဘက်ကရော စစ်ကောင်စီဘက်ကပါ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီအခြေအနေအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့နေ့လယ်ပိုင်း တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဘူးသီးတောင်မှာရှိတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၅) ကိုလည်း (AA) က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဧပြီလ ၃၀ ရက်နေ့မှာတော့ အဲဒီဌာနချုပ်ရဲ့ ကာကင်းသုံးခုကို သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။