အမ်း နပခ ဌာနချုပ်မှာ တိုင်းစစ်ရုံးနေရာတစ်ခုသာ ကျန်တော့ကြောင်း AA ထုတ်ပြန်
2024.12.18

ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိမှာ တိုင်းစစ်ရုံးအဆောက်အအုံထဲက နေရာအနည်းငယ်သာ သိမ်းပိုက်ဖို့ ကျန်တော့တယ်လို့ AA က ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
တိုင်းစစ်ရုံး အဆောက်အအုံထဲမှာ ကျန်နေတဲ့ စစ်ကောင်စီ တပ်သားအင်အား ရာဂဏန်းက AA ရဲ့ထိုးစစ်ကို ခုခံနေသလို စစ်ကောင်စီတပ်က ရခိုင် ရိုးမတောင်တန်းပေါ်ကနေ တိုက်ပွဲရှိရာ နေရာတွေကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အဲဒီလက်နက်ကြီးတွေကြောင့်လည်း တိုင်းစစ်ရုံးအတွင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနေရာကို ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားတွေ ထိမှန်သေဆုံးတာလည်း ရှိနေတယ်လို့ AA က ပြောပါတယ်။
တိုက်ပွဲအခြေအနေကိုသိရှိတဲ့ ဒေသခံတစ်ဦးကတော့ အမ်းနဲ့ မိုင်နှစ်ဆယ် အကွာကနေ စစ်ကောင်စီတပ်က သံချပ်ကာယာဥ်တွေနဲ့ စစ်ကူပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ တိုက်ပွဲအခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နပခ မရသေးဘူး၊ အခု တောင်စောက်က တင့်ကားတွေနဲ့ တိုက်နေပြီ။ မနေ့က လက်နက်ချဖို့ ကြေညာပြီးပြီ၊ လုံးဝ လက်နက်မချသေးဘူး။ အဲဒီထုတ်ပြန်ချက်မှာ ပါတဲ့အဆောင်တွေ မီးလောင်နေတဲ့နေရာပဲ ကျန်နေတာ။ သူတို့ရှိနေတာ တိုက်အဆောက်အအုံ အကြီးကြီးတွေ၊ အခိုင်အမာထဲမှာကျန်နေတာ”
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မြေပြင်တိုက်ပွဲထက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုပြီး အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပြီး လက်နက်ချလာတဲ့ စစ်ကောင်စီ တပ်သားတွေကတော့ ဆက်ရှိနေတယ်လို့ AA က ထုတ်ပြန်ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အမ်းမြို့အပြင် ရခိုင်ပြည်နယ် ဂွမြို့ကိုလည်း AA က ထိုးစစ်ဆင်နေတာကြောင့် ဂွမြို့ပေါ်အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့ထဲ ၁၂ မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။