မူးယစ် အထူးသတင်းပေး တိုင်ကြားရေးဌာန ဖဲ့ွစည်းထား

မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုတွေကို သတင်းပေးတိုင်ကြားနိုင်ဖို့အတွက် နိုင်ငံတော် သမ္မတရုံးမှာ မူးယစ်ဆေးဝါး အထူးသတင်းပေးတိုင်ကြားရေးဌာန ဖွဲ့စည်းထားတယ်လို့ နိုင်ငံတော် သမ္မတက ဒီနေ့ပြောပါတယ်။

နေပြည်တော်မှာ ၂၀၁၈ ဇွန်လ ၂၆ ရက်နေ့ကကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအခမ်းအနားမှာ သမ္မတ ဦးဝင်းမြင့် မိန့်ခွန်းပြောကြားစဉ် Photo: Win Ko Ko Latt/RFA

မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုတွေကို သတင်းပေးတိုင်ကြားနိုင်ဖို့အတွက်  နိုင်ငံတော်သမ္မတရုံးမှာ မူးယစ်ဆေးဝါး အထူးသတင်းပေးတိုင်ကြားရေးဌာန ဖွဲ့စည်းထားတယ်လို့ နိုင်ငံတော်သမ္မတက ဒီနေ့ပြောပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာနမှာကျင်းပတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သမ္မတ ဦးဝင်းမြင့် က ပြောခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ သတင်းပေါက်ကြားမှုမဖြစ်စေဖို့ ဗဟိုအဖွဲ့ရဲ့ ကွပ်ကဲမှုအောက်မှာ မူးယစ်ဆေးဝါးနှိမ်နင်ရေး အထူးတပ်ဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

သတင်းပေးတိုင်ကြားသူတွေပေးပို့လာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ဗဟိုမှာ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ကို စေလွှတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အထူးအဖွဲ့ရဲ့ လုပ်ဆောင်ချက်ဆိုင်ရာ သတင်းအချက်အလက်တွေ ပေါက်ကြားမှုမရှိအောင်၊ အချိန်တိုတိုအတွင်း လျင်လျင်မြန်မြန်ဖြန့်ကျက်ပြီး လျှပ်တပြတ် သွားရောက်ဖမ်းဆီးနိုင်အောင်လည်း အမိန့်ပေးကွပ်ကဲမှုလမ်းကြောင်း ကို  အတိုဆုံးဖြစ်အောင် စနစ်တကျပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ဒီနှစ်အတွင်း မနေ့ကအထိ ခြောက်လတာကာလအတွင်း WY စိတ်ကြွဆေးပြားပေါင်းသိန်း ၃၀ ကျော်အထိ ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးရရှိတဲ့အမှုပမာဏထက် ပိုများတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း WY စိတ်ကြွဆေးပြား ၁၄ သန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အခုနှစ် ၆ လတာအတွင်းဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအမှုပေါင်း ၇၄ မှုအတွက် တရားခံပေါင်း ၁၁၀ ကျော်ကို အရေးယူ ထားတယ်လို့လည်း ပြည်နယ်ရဲမှူးကြီးက ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွေကို တိုင်းနဲ့ပြည်နယ်အသီးသီးမှာကျင်းပပြီး တစ်နှစ်အတွင်းမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး တန်ဖိုးအမေရိကန်ဒေါ်လာ ၁၈၇ သန်းကျော် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org