အိန်ဂျလီနာဂျိုလီ မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့
2014.06.21

ဇွန်လ ၂ဝ ရက် မနေ့ကကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည် များနေ့မှာ အမေရိကန်က နာမည်ကြီးမင်းသမီး အိန်ဂျလီနာဂျိုလီက မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေ ရှိတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
မင်းသမီး ဂျိုလီဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဌာနရဲ့ ဂုဏ်ထူးဆောင်သံတမန်တစ်ဦး အဖြစ် မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းကို သွားခဲ့တာဖြစ်ပြီး၊ စခန်းမှာရှိတဲ့ ကရင်နီဒုက္ခသည်တွေ နဲ့ တွေ့ဆုံအားပေးစကားပြောခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလူတွေကို တချိန်မှာ ကိုယ့်နိုင်ငံကိုယ်ပြန်ခွင့် ရတဲ့အခါ ကောင်းမွန်တဲ့ဘဝတွေ ထူထောင်နိုင်အောင် ပညာရေးနဲ့ အခြားအရည်အချင်းတွေ မြှင့်တင်ပေး ထားဖို့ လိုအပ်တဲ့အကြောင်းကိုလဲ မီးမောင်းထိုးပြောဆို လိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အခုချိန်ဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်ဦးရေ သန်း ၅ဝ ကျော်ထိဖြစ်သွားတဲ့အတွက် အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်ဖို့ မင်းသမီးဂျိုလီ ကတောင်းဆိုလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံက တိုင်းရင်းသားဒုက္ခသည် ၁ သိန်း ၂ သောင်းကျော်ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့သတင်းအရ သိရပါတယ်။